ရန်ကုန်၊ မတ် ၇

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ (၁/၂၀၂၄) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) နှင့် (မန္တလေး) တို့မှ ပါမောက္ခချုပ် ဆရာတော်များ၊ ဒုတိယပါမောက္ခချုပ် (သင်ကြား/စီမံ) ဆရာတော်များ၊ မော်ကွန်းထိန်း ဆရာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။

ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိ ယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တစန္ဒ နသာရက အဖွင့်သြဝါဒကထာ မြွက်ကြားရာတွင် "ဗုဒ္ဓသာသနာတော်ဟူသော အဖွဲ့အစည်းကြီး၏ သက်တမ်းသည် ယခုအခါ နှစ်ပေါင်း ၂၅ဝဝ ကျော် ရှိလာခဲ့ပြီဖြစ်ပြီး ထိုအဖွဲ့အစည်း (သံဃာ) ၏ အခြေခံစည်းမျဉ်းစည်းကမ်းများ (ဝိနည်း) ကောင်းမွန်မှန်ကန်ခြင်းနှင့် အဖွဲ့ဝင်ပုဂ္ဂိုလ် (သံဃာတော်) များက ထိုစည်းမျဉ်း စည်းကမ်းများကို လေးလေးစားစားလိုက်နာကျင့်သုံး အကောင်အထည်ဖော်နေကြပါကြောင်း၊ အဖွဲ့အစည်းတစ်ခု ရေရှည်ရပ် တည်နိုင်မှုသည် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အယူအဆကွဲပြားမှုကို ရှောင်ရှားပြီး ညီညွတ် အဆင်ပြေရေးကို ရှေးရှုလျက်ညှိနှိုင်းတိုင်ပင် အဖြေရှာကာ မိမိတို့၏တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ကြစေလိုကြောင်း" မြွက်ကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဉီးတင်ဦးလွင် က "နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်) နှင့် (မန္တလေး) တို့သည် ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာကျမ်းဂန်များကို အဓိကဘာသာရပ်များအဖြစ် သတ်မှတ်ပြီး ဝိနယပိဋကမဟာဌာန၊ သုတ္တန္တပိဋကမဟာဌာန၊ အဘိဓမ္မပိဋကမဟာဌာနဟူ၍ မဟာဌာနကြီး (၃) ခု ဖွဲ့စည်းကာ အထူးပြုသင်ကြားလျက်ရှိပြီး အခြားသောပိဋကတ်ဆိုင်ရာပါဠိစာပေ၊ မြန်မာစာပေ၊ အင်္ဂလိပ်စာပေနှင့် ဗုဒ္ဓဒေသနာပြန့်ပွားရေး ပညာဘာသာရပ်တို့ကိုလည်း အထောက်အကူပြု ဘာသာရပ်များအဖြစ် သတ်မှတ်ပြီး ဌာန (၄) ခုဖွဲ့စည်းကာ မူရင်းပိဋကတ်ကျမ်းဂန်များ၏ အထောက်အကူပြု သဘောဖြင့် သင်ကြားလျက်ရှိပါကြောင်း။

ယနေ့ခေတ် နိုင်ငံတကာတက္ကသိုလ်များ၌ သင်ကြားလျက်ရှိသော ပိဋကတ်ကျမ်းဂန်များကို ခေတ်စနစ်နှင့်အညီ သင်ကြားနည်းစနစ်ပေါင်းစုံဖြင့် ချဉ်းကပ်လေ့လာ သင်ယူပို့ချပေးနေခြင်းကြောင့် ပိဋကတ်ကျမ်းဂန်များကို စနစ်တကျသင်ယူဆည်းပူးရာ ပရိယတ္တိပညာရေးဌာန ဖြစ်ပါကြောင်း၊ တက္ကသိုလ်၏ သင်ရိုးညွှန်းတမ်း စည်းမျဉ်းစည်းကမ်းများအရ သာသနတက္ကသီလ ဓမ္မာစရိယတန်း၊ သာသနတက္ကသီလ မဟာဓမ္မာစရိယတန်း၊ သာသနတက္ကသီလ ဓမ္မပါရဂူတန်းဟူ၍ အတန်း (၃) တန်း သတ်မှတ်ထားပြီး သတ်မှတ်အရည်အချင်းများ အောင်မြင်ပြီးမြောက်သည့် အခါတွင်လည်း ဘွဲ့အမျိုးအစား (၃) မျိုးကို ဆက်ကပ်လှူဒါန်းပေးလျက် ရှိပါကြောင်း။

နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူ၍ ပါမောက္ခချုပ် ဆရာတော်များ၊ ဒုတိယပါမောက္ခချုပ်ဆရာတော်များနှင့်တကွ သင်ကြား/စီမံ ဆရာတော်များ၏ သာသနာပြုသဒ္ဓါတရား အခြေခံဖြင့် စေတနာမေတ္တာတရား ရှေ့ထားကာ သင်ကြားပို့ချမှု၊ သင်တန်းသား ရဟန်းတော်များ၏ ယုံကြည်ချက်သဒ္ဓါတရား ဝီရိယစွမ်းအားနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ အားပေးထောက်ပံ့ အလုပ်အကျွေးပြုမှုဟူသော ထောင့် ၃ ထောင့် ဟန်ချက်ညီစွာ ဆောင်ရွက်ကြပါက နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်၏ ရည်မှန်းချက်များ အောင်မြင်ပြီးမြောက် ခရီးရောက်မည်ဟု ယုံကြည်ပါကြောင်း။

ထိုသို့သာသနာတက္ကသိုလ်များ၏ သာသနာပြုလုပ်ငန်းများ ဆက်လက်တိုးတက်အောင်မြင်စေရန် ဆရာဒကာ ညီညွတ်စွာဖြင့် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် ဘုရားရှင်၏ အဆုံးအမ တရားတော်များသည် နယ်စပ်တောင်တန်း ဒေသပါမကျန် ပြည်တွင်းမှသည် ပြည်ပသို့တိုင် ဝေစည်ထွန်းကား ပြန့်ပွားစေလျက် ဗုဒ္ဓမြတ်စွာ သာသနာသည်လည်း အနှစ်ငါးထောင်မကကြာအောင် အရှည်ခိုင်ခံ့တည်တံ့ ထွန်းလင်းပြန့်ပွား တိုးတက်နိုင်ပါစေကြောင်း" လျှောက်ထားသည်။

ဆက်လက်၍ တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူးသာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်းက တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့၏ (၂/၂၀၂၃) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်းသည့်ဆောင် ရွက်ချက်များ၊ တက္ကသိုလ်များ ဗဟိုပညာရေးအဖွဲ့ (၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်များနှင့် စပ်လျဉ်းသည့် တင်ပြချက်များကို လျှောက်ထားသည်။

ထို့နောက် တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ (ရန်ကုန်၊မန္တလေး )တို့မှ တင်ပြချက်များအပေါ် ဆွေးနွေးကြပြီး ဆွေးနွေးချက်များနှင့်ပတ်သက်၍ အတည်ပြုချက်နှင့်ဆုံးဖြတ်ချက်များကို ချမှတ်ကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ စန္ဒနသာရ က "ထောင့်သုံးထောင့်" တွင် ပါဝင်ဆောင်ရွက်နေကြသည့် ပုဂ္ဂိုလ်များအနေဖြင့် သဒ္ဓါကိုအခြေခံပြီး အခြားသော ကုသိုလ်ကံများကို ပွားများနိုင်မည်ဖြစ်၍ မိမိ၏ ကာယကံ၊ ဝစီကံ၊ မနောကံ အပြုအမူ (၃) မျိုးကို အကောင်းဆုံးပြုမူ ဆောင်ရွက်လုပ်ကိုင်ကြစေလိုကြောင်း" နိဂုံးချုပ် ဩဝါဒါကထာ မြွက်ကြားပြီး အစည်းအဝေးကို ရုပ်သိမ်းသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးသို့ ကြွရောက်လာကြသည့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

သတင်းစဉ်

mdn