နေပြည်တော်၊ မတ် ၁၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အောက်ရှိ အစိုးရနည်းပညာကောလိပ် (မန္တလေး၊ ကျောက်ဖြူ၊ ရွှေဘို)၊ အစိုးရစက်မှုလက်မှု သိပ္ပံ (မိုးညှင်း၊ ပူတာအို၊ ကန့်ဘလူ၊ ခန္တီး၊ မော်လမြိုင်၊ သံတွဲ၊ ပြင်ဦးလွင်၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ လက်ပံတန်း၊ ချောက်၊ ရေနံချောင်း၊ သရက်၊ မကွေး၊ အင်းစိန်၊ ရွှေပြည်သာ၊ ဝါးခယ်မ၊ လပွတ္တာ၊ ကျိုက်လတ်) တို့၌ A.G.T.I ဒီပလိုမာ အပ်နှင်း သည့် အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် ကျင်းပကြသည်။
အစိုးရ စက်မှုလက်မှုသိပ္ပံ အသီးသီးမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သင်ကြားသင်ယူ အောင်မြင်ခဲ့ကြသော AGTI ဒီပလိုမာရရှိသူများကို သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က Video Message ဖြင့် ဂုဏ်ပြုအမှာစကား ပြောကြားရာ A.G.T.I ဒီပလိုမာ အပ်နှင်းသည့် အခမ်းအနားများတွင် ဒီပလိုမာ လက်မှတ်ရယူမည့် မောင်မယ်များကို လှိုက်လှဲစွာ ဂုဏ်ပြုပါကြောင်းနှင့် မောင်မယ်များ အနေဖြင့် မိမိတတ်မြောက်ထားသော နည်းပညာရပ်များကို အသုံးချပြီး တိုင်းပြည် ဖွံ့ဖြိုးရေး ကဏ္ဍများတွင် ကျရာနေရာက ပေးအပ်သည့် တာဝန်များကို စွမ်းအားရှိသမျှ ကြိုးစားပါဝင် ဆောင်ရွက်ရင်း အမိမြန်မာနိုင်ငံအပေါ် ကျေးဇူးသစ္စာစောင့်သိကာ ဗလငါးတန်နှင့် ပြည့်စုံသည့် ကိုယ်ကျင့်တရားများအပေါ် လေးစားကျင့်ကြံ နေထိုင်တတ်သော၊ အနာဂတ် မြန်မာနိုင်ငံအတွက် စံပြုလေးစားထိုက်သော ကောလိပ်၊ သိပ္ပံများ ဂုဏ်ဆောင်သော အင်ဂျင်နီယာ နည်းပညာရှင်များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

mdn


ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ အသီးသီး၏ A.G.T.I ဒီပလိုမာ အပ်နှင်းသည့် အခမ်းအနားများကို ဆက်လက်ကျင်းပရာ A.G.T.I ဒီပလိုမာရရှိသူ စုစုပေါင်း (၁၅၂၆) ဦးကို သက်ဆိုင်ရာကျောင်းအုပ်ကြီးများက ဒီပလိုမာလက်မှတ်များ ချီးမြှင့်အပ်နှင်းကာ အမှာစကားများ ပြောကြားကြသည်။
အဆိုပါ A.G.T.I ဒီပလိုမာ အပ်နှင်းသည့် အခမ်းအနားများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒီပလိုမာယူမည့် မောင်မယ်များနှင့် ၎င်းတို့၏ မိဘဆွေမျိုး မိတ်သင်္ဂဟများ၊ ကျောင်းစီမံခန့်ခွဲရေး အဖွဲ့ဝင်များနှင့် ပညာရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ တက်ရောက်ကြပြီး A.G.T.I ဒီပလိုမာ အပ်နှင်းသည့် အခမ်းအနားများကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။    
သတင်းစဉ်