၂၅ ဖေဖော်ဝါရီ
၂၀၁၉ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာကလပ်အသင်းများ ယှဉ်ပြိုင်မည့် အုပ်စုပထမပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာနေရာများတွင် ကျင်းပသည်။
ရန်ကုန်ယူနိုက်တက် (မြန်မာ) နှင့် တမ်ပနိစ်ရိုဗာ (စင်ကာပူ) အသင်းတို့၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို သုဝဏ္ဏဘောလုံးကွင်း သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပရာ နှစ်ဖက်အသင်းနည်းပြချုပ်များနှင့် အသင်းခေါင်းဆောင်တို့ တက်ရောက်သည်။ ရန်ကုန်အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းက ''ကျွန်တော်တို့အသင်းက ပြီးခဲ့တဲ့ရာသီမှာ အာဆီယံဇုန် ဆီမီးဖိုင်နယ်အဆင့် တက်ရောက်ခဲ့ပြီး ဒီရာသီမှာ ဆီမီးဖိုင်နယ်အဆင့်ကို အနိမ့်ဆုံးပြန်ရောက်ဖို့ ရည်မှန်းထားပါတယ်။
ပြည်တွင်း၊ ပြည်ပကစားသမားတွေ၊ စီနီယာကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို အချိုးကျကျပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ ဒီပြိုင်ပွဲမတိုင်ခင် အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲ ယှဉ်ပြိုင်ခွင့်ရခဲ့တာက အသင်းကို အထောက်အကူဖြစ်စေပြီး ကစားသမားတွေအတွက် အတွေ့အကြုံကောင်းတွေရရှိခဲ့ပါတယ်။ တမ်ပနိစ်ရိုဗာ အသင်းဟာ စင်ကာပူရဲ့ ထိပ်တန်းကလပ်ဖြစ်ပြီး လက်ရွေးစင်ကစားသမားတွေလည်း ပါဝင်ကစားနေပါတယ်။ စင်ကာပူအသင်းဟာ အမြင့်ဘောဦးစားပေးကစားတဲ့အသင်းဖြစ်ပြီး သူတို့ရဲ့ ကစားပုံကို သေချာလေ့လာထားပါတယ်။ အုပ်စုမှာ ဗီယက်နမ်ကလပ် ဟနွိုင်းအသင်းက အတောင့်တင်းဆုံးဖြစ်ပြီး အုပ်စုပထမရဖို့ သူတို့ကို ကျော်ဖြတ်ရမှာပါ။ ပွဲတိုင်းကို သေချာပြင်ဆင်ပြီး ကစားသွားမှာဖြစ်ပါတယ်။
အဖွင့်ပွဲမှာလည်း တမ်ပနိစ်ရိုဗာအသင်းကို အနိုင်ယူပြီး အမှတ်ပြည့်ရယူနိုင်အောင် ကြိုးစားမှာပါ''ဟု ပြောကြားသည်။ တမ်ပနိစ်ရိုဗာအသင်းနည်းပြချုပ် ခါရာယာဟာရာက ''ကျွန်တော်တို့အသင်းရဲ့ Analysis အဖွဲ့က ရန်ကုန်အသင်းရဲ့ ကစားပုံ၊ အားနည်း၊ အားသာချက်တွေကို ပြုစုပေးထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်အသင်းကို အကောင်းဆုံးရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်အသင်းကို ဘယ်လောက်လေ့လာထားတယ်။ ဘယ်လောက်ပြင်ဆင်ထားလဲဆိုတာ ပွဲကျရင် သိမှာပါ။ အဝေးကွင်းလာရောက်ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့် ဖိအားမရှိပါဘူး။ ပြီးခဲ့တဲ့ရာသီတုန်းကအုပ်စုအဆင့်ကနေ ထွက်ခဲ့ရပေမယ့် ဒီနှစ်မှာတော့ နောက်တစ်ဆင့်တက်နိုင်အောင် ကြိုးစားသွားမှာပါ။ ရန်ကုန်အသင်းကို ပရိသတ်တွေအများကြီး လာရောက်အားပေးမယ်လို့ ထင်ပါတယ်။ ဒါက ရန်ကုန်အသင်းကို အားပေးတာဖြစ်သလို ပြိုင်ပွဲကိုလည်း အားပေးတယ်လို့ပြောပါတယ်''ဟု ပြောကြားသည်။
အဝေးကွင်းပွဲယှဉ်ပြိုင်ရမည့် ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးမင်းသူက ''ဆီရက်စ်အသင်းက အသင်းကောင်းတစ်သင်းဆိုတာ အားလုံးသိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း အဝေးကွင်းဖြစ်ပေမယ့် လက်လျှော့မှာ မဟုတ်ပါဘူး။ အကောင်းဆုံးတုံ့ပြန်ကစားနိုင်ဖို့ ပြင်ဆင်ထားပြီး အနိမ့်ဆုံး သရေတစ်မှတ်ရယူနိုင်အောင် ကြိုးစားမှာပါ။ ဒဏ်ရာရကစားသမားတွေရှိနေတဲ့အတွက် လူငယ်ကစားသမားတွေနဲ့ ယှဉ်ပြိုင်မယ့် အစီအစဉ်ကို ပြောင်းလဲခဲ့ပြီး အမာခံကစားသမားတွေနဲ့ ယှဉ်ပြိုင်သွားမှာပါ။ AFC Cup ပြိုင်ပွဲမှာ ရလဒ်ကောင်းရအောင် ကြိုးစားသွားမှာပါ'' ဟု ပြောကြားသည်။
အုပ်စုပထမနေ့အဖြစ် ဖေဖော်ဝါရီ ၂၆ ရက် (ယနေ့) ညနေ ၃ နာရီခွဲတွင် သုဝဏ္ဏကွင်း၌ ရန်ကုန်အသင်းနှင့် တမ်ပနိစ်ရိုဗာအသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် ဖိလစ်ပိုင်နိုင်ငံ ဘာကိုလော့မြို့၌ ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်