နေပြည်တော် မတ် ၁၁
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ယနေ့စတင် ကျင်းပလျက်ရှိရာ နေပြည်တော်ကောင်စီ နယ်မြေအတွင်း၌လည်း သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုကြသည်။
နံနက်ပိုင်းမှစတင်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ဖြေဆိုကြမည့် စာစစ်ဌာနများသို့ အချိန်မီရောက်ရှိ လာကြရာ တာဝန်ကျ ဆရာ၊ ဆရာမများက စာမေးပွဲဖြေဆိုခွင့် ကတ်များ မှန်/မမှန် စစ်ဆေးခြင်း၊ ဖြေဆိုကြမည့် အခန်းများအတွင်း၌လည်း ကျောင်းသား၊ ကျောင်းသူများလိုက်နာရမည့် စာမေးပွဲဆိုင်ရာ စည်းကမ်းချက်များ ရှင်းလင်းပြောကြားခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။
တက္ကသိုလ်ဝင်စာမေးပွဲသို့ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ စာစစ်ဌာန နှစ်ခု၌ စာရင်းရှိ ကျောင်းသားကျောင်းသူ ၂၇၀ ဉီးတွင် ဖြေဆိုသူ ၂၆၅ ဉီး၊ လယ်ဝေးမြို့နယ်ရှိ စာစစ်ဌာန ၁၀ ခု၌ စာရင်းရှိ ကျောင်းသားကျောင်းသူ ၂၀၁၁ ဉီးတွင် ဖြေဆိုသူ ၁၉၆၀ ဉီး၊ ဇမ္ဗူသီရိမြို့နယ်ရှိ စာစစ်ဌာန ခြောက်ခု၌ စာရင်းရှိ ကျောင်းသား ကျောင်းသူ ၈၆၄ ဉီးတွင် ဖြေဆိုသူ ၈၃၁ ဉီး၊ ပျဉ်းမနားမြို့နယ်ရှိ စာစစ်ဌာန ငါးခု၌ စာရင်းရှိ ကျောင်းသားကျောင်းသူ ၁၄၃၃ ဉီးတွင် ဖြေဆိုသူ ၁၄၀၃ ဉီး၊ ပုဗ္ဗသီရိမြို့နယ်ရှိ စာစစ်ဌာန ငါးခု၌ စာရင်းရှိ ကျောင်းသားကျောင်းသူ ၁၁၂၄ ဉီးတွင် ဖြေဆိုသူ ၁၀၉၁ ဉီး၊ ဇေယျာသီရိမြို့နယ်ရှိ စာစစ်ဌာန ငါးခု၌ စာရင်းရှိ ကျောင်းသားကျောင်းသူ ၉၈၁ ဉီးတွင် ဖြေဆိုသူ ၉၅၁ ဉီး၊ ဥတ္တရသီရိမြို့နယ်ရှိ စာစစ်ဌာန ခြောက်ခု၌ စာရင်းရှိ ကျောင်းသားကျောင်းသူ ၆၆၁ ဉီးတွင် ဖြေဆိုသူ ၆၃၈ ဉီး၊ တပ်ကုန်းမြို့နယ်ရှိ စာစစ်ဌာန ရှစ်ခု၌ စာရင်းရှိ ကျောင်းသားကျောင်းသူ ၁၃၃၂ ဉီးတွင် ဖြေဆိုသူ ၁၂၈၉ ဉီး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၈၄၂၈ ဉီးဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဖြေဆိုသည့် ရာခိုင်နှုန်း အနေဖြင့် ၉၇ ဒသမ ၁၄ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်း ပျော်ရွှင်စွာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနိုင်စေရန် ဆောင်ရွက်ထားမှုများနှင့် စပ်လျဉ်း၍ နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးသန့် က “ကျွန်မတို့ နေပြည်တော်မှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၆၇၆ ဉီးရှိပြီး စာစစ်ဌာန ၄၇ ခုရှိပါတယ်။ ဖြေဆိုဖို့ ဘာသာတွဲတွေအနေနဲ့ STEAMS -1 ၊ STEAMS – 2 နဲ့ STAMS -1 ဆိုပြီး ခွဲခြားထားပါတယ်။ STEAMS -1 မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာရပ်တွေပါဝင်ပါတယ်။ STEAMS – 2 မှာတော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂ ဗေဒ ဘာသာရပ်တွေပါဝင်ပါတယ်။ STAMS -1 မှာတော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ ဘာသာရပ်တွေပါဝင်ပါတယ်။
ဘာသာရပ်အလိုက် ဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ STEAMS -1 မှာ တော့ စုစုပေါင်း ၂၈၃၄ ဉီး၊ STEAMS – 2 မှာတော့ ၄၉၇၂ ဉီး နဲ့ STAMS -1 မှာတော့ ၈၇၀ ဉီး ရှိပါတယ်။ ကျောင်းသား၊ ကျောင်းသူတေွ စာမေးပွဲဖြေဆိုနိုင်စေဖို့ အခြေခံပညာ ဉီးစီးဌာန အနေနဲ့လည်း ညွှန်ကြားချက်တွေနဲ့ သေချာစွာ ဆောင်ရွက် ပေးပါတယ်။ နောက်ပြီး စာမေးပွဲကာလအတွင်း မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာ ဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပါတယ်။ ပညာရေးဌာနက တာဝန်ရှိသူတွေနဲ့ မြို့နယ်အလိုက် အဖွဲ့အစည်းတွေက ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲဖြေဆိုနေတဲ့ အချိန်မှာ လမ်းပန်းဆက်သွယ်ရေးနဲ့ ကျန်းမာရေးအခက်အခဲတွေ မဖြစ်စေဖို့ ကူညီ စောင့်ရှောက်ပေးကြပါတယ်။ စာတွေ အရမ်းခက်ပေမယ့် တစ်နှစ်ပတ်လုံး ကြိုးစားပမ်းစား ကျက်လာကြတဲ့ ကလေးတွေကတော့ ဖြေဆိုအောင်မြင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကလေးတွေအနေနဲ့ စာမေးပွဲကို သေချာစွာဖြေဆိုပြီး လိုချင်တဲ့ပန်းတိုင်ကို ရောက်ကြပါစေလို့ ဆုတောင်းပေးပါတယ်” ဟုပြောသည်။
အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ကြီးကြပ်ရေးမှူး ဆောင်ရွက် နေသည့် ကျောင်းအုပ်ဆရာကြီး ဉီးဝင်းခိုင်က “ ကျွန်တော်တို့ ဇမ္ဗူသီရိမြို့နယ်မှာ စာစစ်ဌာန ခြောက်ခုရှိပါတယ်။ ကျွန်တော်တာဝန်ကျတဲ့ ကျောင်းမှာ ဘာသာရပ်အလိုက် ဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ STEAMS -1 မှာ ၁၁၆ ဉီး၊ STEAMS – 2 မှာတော့ ၁၁၇ ဉီးနဲ့ STAMS -1 မှာတော့ ၁၉ ဉီး စုစုပေါင်း ၂၉၆ ဉီး ဖြေဆိုပါတယ်။ ဒီနေ့ ဖြေဆိုတဲ့ မြန်မာစာဘာသာရပ်ကိုတော့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၈၀ ဖြေဆိုပြီး ၁၆ ဉီးပျက်ကွက်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ဖို့အတွက် စာမေးပွဲမကျင်းပမီတစ်ပတ် အလို လောက်ကတည်းက သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနဲ့ ညှိနှိုင်းပြီး ပြင်ဆင်မှုတွေ ဆောင်ရွက်ရပါတယ်။ ကျွန်တော့်စာစစ်ဌာနမှာတော့ စာဖြေခန်း ၁၀ ခန်းစီစဉ်ထားပါ တယ်။ ဒီနေ့ မြန်မာစာဘာသာရပ်မှာတော့ ကလေးတွေဟာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ဖြေဆိုနေကြပါတယ်။ ဒီနှစ်ကတော့ Grade – 12 ရဲ့ ပထမဆုံးဖြေဆိုတဲ့ စနစ်သစ်စာ မေးပွဲလည်းဖြစ်တော့ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမတွေနဲ့ အုပ်ထိန်းသူတွေ အားလုံး စနစ်တကျ ဆောင်ရွက်ကြပါတယ်။ ကလေးတွေအနေနဲ့လည်း စာမေးပွဲကို အခက်အခဲမရှိ ဖြေဆိုနိုင်ကြမယ်လို့ ယုံကြည်ပါတယ်” ဟုပြောသည်။
ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ဘေးအန္တရာယ် ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်များအလိုက် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန မှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို စနစ်တကျစီမံဆောင်ရွက် ထားကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ မတ် ၁၁ ရက်မှ ၁၉ ရက်အထိ တစ်နေ့တစ်ဘာသာနှုန်းဖြင့် နေ့စဉ် နံနက် ၉နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - အောင်ရဲသွင်
ဓာတ်ပုံ - ကိုကိုအေး
