နေပြည်တော် ၂၅ ဖေဖော်ဝါရီ

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဆောမဲဆန္ဒနယ်မှ ဦးကျော်တင်၏ ဆောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူးရုံးအား ဆောချောင်းနှင့် ချုပ်ချောင်းတို့၏ ရေတိုက်စားမှုဘေးမှ ကာကွယ်ထားသည့် ကွန်ကရစ် မြေထိန်းနံရံ အရှည် (၂၅၇)ပေအနက် အရှည် (၁၁၇)ပေ ရေတိုက်စားပါသွားရာ  အမြန်ဆုံး ပြန်လည်တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်းတွင် မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေ တိုက်စားခဲ့ပြီး မြေထိန်းနံရံ ၁၁၇ ပေ ထပ်မံပြိုကျသွားခဲ့ပါကြောင်း။

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် ဖြည့်စွက်ရန်ပုံငွေမှ ချောင်းရေတိုက်စားသည့် မြေထိန်းနံရံကို ပြုပြင်ရန်အတွက် တောင်းခံတင်ပြသွားမည်ဟု ညှိနှိုင်းရရှိပါကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စအား တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်မည်ဖြစ်သည့်အတွက် မိမိဌာနအနေဖြင့် လောလောဆယ် ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို၏ နိုင်ငံအတွင်းရှိ မြစ်ချောင်းတစ်လျှောက် နှစ်စဉ်လိုလို ဖြစ်ပေါ်တတ်သော  ရေတိုက်စားမှုကြောင့် ကမ်းပြို၊ မြေပြိုမှု ဖြစ်ပြီး ပြည်သူအများ ကြုံတွေ့နေရသော အခက်အခဲများ ပြေလည်နိုင်စေရေးနှင့် နိုင်ငံတော်အနေနှင့် တာဝန်ယူနေရသော ဝန်ထုပ်ဝန်ပိုးများ လျှော့ချ ပြေလည်နိုင်စေရန်အတွက် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ပြည်သူများ ပြုလုပ်အသုံံးပြုနေကြသော ဝါးကျဲနံရံမြေထိန်း၊ ရေစီးထိန်းစနစ်ကို စနစ်တကျ သုတေသနပြု လေ့လာဆန်းစစ်ပြီး နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ရေး ဆောင်ရွက်ပေးရန် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ဝါးများအသုံးပြု၍ ဝါးကရစ်ကွက် ကမ်းထိန်း လုပ်ငန်းများ၊ ဝါးဖောင်အသုံးပြု Floating  Structure  များ၊ ဝါးနှင့် ကိုင်းပင်များ ယှဉ်တွဲအသုံးပြု၍ ကိုင်းဒလက်များ ချထားခြင်းလုပ်ငန်းများလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့သော်လည်း ဝါး၏သက်တမ်း ၃ နှစ်ခန့်သာ ရှိနိုင်မည်ဖြစ်သဖြင့် ရေရှည်စိတ်ချရသော ဖြေရှင်းနည်း မဟုတ်ပါကြောင်း။

 

လွှတ်တော်ကိုယ်စားလှယ် ရည်ညွှန်းထားသည့် Facebook ဆောင်ပါးတွင် ဖော်ပြပါရှိသည့် ဂျမူနာမြစ် သည်  ရေကြောင်းကျယ်ပြန့်ခြင်း၊ ရေစီးနှုန်းနည်းခြင်း၊ သဲနှုန်းပါဝင်မှု မြင့်မားခြင်းတို့ကြောင့် ဈေးနှုန်း သက်သာသည့် ဝါးကျဲနံရံများဖြင့် ဆောင်ရွက်အောင်မြင်နိုင်မည်မှာ အမှန်ပင်ဖြစ်ပါကြောင်း၊ ဝါးကျဲနံရံ များကို အသုံးပြု၍ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာခြင်း၊ ရေစီးနည်း၍ အပြန့်ကျယ်သော ချောင်းငယ်များအတွင်း၌ လည်းကောင်း၊ ရေမွှာပေါက်များသည့် မြစ်ကြောင်းများတွင် အဓိက ရေလမ်းကြောင်းကို ဖွံ့ဖြိုးစေရေးအတွက် လည်းကောင်း ဆောင်ရွက်ရန် ပိုမိုသင့်လျော်ပြီး ဒေသထွက်ပစ္စည်းများဖြင့် တစ်နိုင်တစ်ပိုင် ဆောင်ရွက်နိုင်ခြင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် လျော်ညီစွာ အကျိုးဖြစ်ထွန်းနိုင်ခြင်း စသည့်  အကျိုးသက်ရောက်မှုများ ရရှိနိုင် သည်မှာ အမှန်ပင်ဖြစ်ပါကြောင်း။

 

သို့သော် ဧရာဝတီမြစ်သည် ဝါးကျဲနံရံများ အသုံးပြုကာကွယ်ထားသည့် ဂျမူနာမြစ်နှင့် နှိုင်းယှဉ်ပါက ပျမ်းမျှ ရေထုထည်စီးဆင်းမှုတွင် ၄ ဆ၊ ပျမ်းမျှ ရေစီးနှုန်း ၁ ဒသမ ၅ ဆ သာလွန်သောကြောင့် ဝါးကျဲ နံရံများဖြင့် ကာကွယ်မှုဆောင်ရွက်ပါက အကျိုးသက်ရောက်မှု တူညီနိုင်မည် မဟုတ်ပါကြောင်း၊  ဝါးကျဲနံရံများကဲ့သို့ ကုန်ကျစရိတ် သက်သာပြီး အခြေခံ သဘောတရားချင်း တူညီသော ဝါးကရစ်ကွက်မြေထိန်း၊ ရေစီးထိန်းစနစ်များကို မိမိတို့နိုင်ငံ မြစ်ချောင်းများ၏ ဆီလျှော်သည့် နေရာများတွင် အသုံးပြုလျက်ရှိနေပါကြောင်း၊ ဝါးထက်သက်တမ်းပို၍ ကြာရှည်ခံသည့် မျောများကို အသုံးပြု၍  ယာယီကမ်းထိန်းအနေဖြင့် မျောကရစ်တန်း တည်ဆောက်၍ ကာကွယ်မှုများ သုံးစွဲလျက် ရှိပါကြောင်း၊ လက်ရှိအနေအထားအရ ဝါးကျဲနံရံများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ရေးအတွက် အသေးစိတ်လေ့လာပြီး စမ်းသပ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ ဖားဆောင်း မဲဆန္ဒနယ်မှ ဒေါ်နန်းထွေးသူ၊ ကန်ပက်လက် မဲဆန္ဒနယ်မှ ဦးညွန့်ဝင်း၊ တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာလှမိုးနှင့် ခေါင်လန်ဖူး မဲဆန္ဒနယ်မှ ဦးအာမိုးဆီတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးတို့က ရှင်းလင်းဖြေကြားကြသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးတင်သွင်းသည့် အသက်သုံးနှစ်မှ ငါးနှစ်အတွင်းရှိ ကလေးများ၏ မူကြိုပညာရေးအတွက် စွမ်းရည်ပြည့်ဝသော ဆရာ၊ ဆရာမများ လေ့ကျင့်သင်ကြားပေးပါရန်နှင့် မူကြိုကျောင်းများတွင် အာဟာရ ကျွေးမွေးနိုင်ရန်အတွက် သင့်လျော်သော ဘတ်ဂျက်ထည့်သွင်းပံ့ပိုးပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက  ဆွေးနွေးကြသည်။

 

ကွမ်းလုံမဲဆန္ဒနယ်မှ ဦးယန်ကျင်းကန်က ပညာရေးစနစ် မူဝါဒကောင်းမွန်သည့် နိုင်ငံများတွင်  လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာသကဲ့သို့ စီမံကိန်းစနစ် လွဲချော်နေသည့် နိုင်ငံများသည် ဖွံ့ဖြိုးမှုအားနည်းသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးမှု အခြေခံ အကျဆုံးဖြစ်သည့် မူကြိုအရွယ် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို အထူးအလေးထားရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် KG+12 စနစ်တွင် KG တန်း၏  သတ်မှတ်ချက် အရ ၅ နှစ်မှ စတင်သည့်အတွက် ၃ နှစ်မှ ၅ နှစ် အသက်အပိုင်းအခြားရှိသည့် ကလေးငယ်များ ပြုစု ပျိုးထောင်ရေးကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွင် ဘတ်ဂျက်လျာထားပြီး အလေးထားဆောင်ရွက် ပေးရမည် ဖြစ်ပါကြောင်း။


 
ကလေးသူငယ်များ အားလုံးသည်  ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်း အစီအစဉ်များတွင် ပါဝင်ခွင့်ရခြင်းဖြင့် ဘက်စုံဖွံ့ဖြိုးမှုများ ရရှိလာမည်ဖြစ်ပါကြောင်း၊ မူကြိုအရွယ် ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေး အစီအစဉ်သည် ပညာရေးစနစ်အတွက် မရှိမဖြစ်လိုအပ်သော အခြေခံအကျဆုံး အုတ်မြစ်ကို တည်ဆောက်ပေးခြင်း ဖြစ်သောကြောင့် အရေးကြီး ကဏ္ဍတစ်ခုဖြစ်ကြောင်းကို လေ့လာတွေ့ရှိရပါကြောင်း၊ MICS ၏ လေ့လာတွေ့ရှိချက် တွင်လည်း တိုင်းရင်းသား မျိုးနွယ်စုများအတွက် မူကြိုပညာရေးဆိုင်ရာ လုပ်ငန်းစဉ်များ တိုးမြှင့် ဆောင်ရွက်ရန် လိုပါကြောင်း၊ အဆိုပါ မျိုးနွယ်စုများ၏ ယဉ်ကျေးမှုနှင့် ဘာသာစကား အခြေခံပြီး ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးမှု လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသား များအကြား ပဋိပက္ခ ကာကွယ်နိုင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်မှုကို ဖြစ်ပေါ်စေကြောင်းနှင့် တိုင်းရင်းသား ကလေးများ၏ ပညာကဏ္ဍကိုလည်း မြင့်မားလာစေကြောင်းကို ဖော်ပြထားသည်ကို တွေ့ရှိရသဖြင့် အဆိုအား ထောက်ခံဆွေးနွေးသည်။

 

အလားတူ  သိန္နီ  မဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၊  မကွေးမဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ဆိပ်ဖြူ မဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ ဘားအံ မဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်၊ ထန်တလန် မဲဆန္ဒနယ်မှ ဒေါ်နီရွှေလျန်း၊ ချမ်းအေးသာစံ မဲဆန္ဒနယ်မှ ဦးမျိုးနိုင်နှင့် ခေါင်လန်ဖူး မဲဆန္ဒနယ်မှ ဦးအာမိုးဆီတို့က  ဆွေးနွေးကြသည်။ 

 

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ကလေးများအား ပြုစုပျိုးထောင်ရေး နည်းစနစ်များ  အနေဖြင့် ကလေးများကို ဗဟိုပြုသည့် ကလေးကိုယ်တိုင် ပါဝင်စေသော သင်ယူမှု နည်းစနစ်ကို အခြေခံပြီး စိတ်ချလုံခြုံမှုရှိသည့် ပတ်ဝန်းကျင်တွင် စူးစမ်းလေ့လာမှု အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက်  သင်ယူရန်နေရာများ ဖန်တီးပေးခြင်းနှင့် ကလေးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေး၍ ကစားခြင်းနည်းလမ်း၊   တေးဂီတ၊  အခြေခံပန်းချီ၊ လက်မှုပညာများ ပြုလုပ်ပေးခြင်းတို့ကိုလည်း သင်ကြားလေ့ကျင့်ပေး လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မူလတန်းကြိုကျောင်းများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများမှ ဖွင့်လှစ်လျက်ရှိသည့် မူလတန်းကြို ကျောင်းများကိုလည်း ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်း၊ နည်းပညာများ ဖြန့်ဝေခြင်း၊ စွမ်းရည်မြှင့်တင်ခြင်း သင်တန်းများပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

လွှတ်တော်ကိုယ်စားလှယ်၏ အဆိုတွင် ကလေးများကို တန်းစီအိပ်ခိုင်း၍ ငြိမ်အောင်သာ ထိန်းကျောင်းခြင်းသည် လွှဲမှားသော ပြုစုပျိုးထောင်ခြင်းများ ရှိနေပါသည် ဆိုသည့်ကိစ္စနှင့် စပ်လျဉ်း၍  လူမှုဝန်ထမ်းဦးစီးဌာနမှ ပြဋ္ဌာန်းထားသော သင်ရိုးညွှန်းတမ်းနှင့်အညီ သင်ကြားလေ့ကျင့်ပေးထားသည့် ဆရာမများကိုယ်တိုင် မှန်ကန်သော  ကလေးပြုစုပျိုးထောင်ရေး နည်းစနစ်များနှင့်အညီ လေ့ကျင့်ပြုစု ပျိုးထောင်ပေးလျက် ရှိပါကြောင်း၊ တစ်နိုင်ငံလုံးရှိ ကလေးများအတွက် မူလတန်းကြိုကျောင်း တက်ရောက် လွှမ်းခြုံနိုင်ရေးနှင့် ပြည်သူလူထုအတွင်း ကလေးပြုစုပျိုးထောင်ရေး နည်းစနစ်များ ကျယ်ပြန့်စွာ ရောက်ရှိနိုင်ရေးအတွက်လည်း ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

သို့ဖြစ်ပါ၍ အသက်သုံးနှစ်မှ ငါးနှစ်အတွင်းရှိ  ကလေးများ၏ မူကြိုပညာရေးအတွက် လွဲမှားသော ပြုစုပျိုးထောင်မှုများ မရှိစေရေး၊ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်အောင် အသိပညာပေးခြင်း၊ ဥပဒေနှင့် နည်းဥပဒေအရ ထိရောက်စွာ ကြီးကြပ်ခြင်းတို့ဖြင့် ကလေးများ၏ မူကြိုပညာရေးအတွက် စွမ်းရည် ပြည့်ဝသော ဆရာ၊ ဆရာမများ လေ့ကျင့်သင်ကြား မွေးထုတ်ပေးနိုင်ခြင်းနှင့် မူကြိုကျောင်းများတွင် အာဟာရ ကျွေးမွေးနိုင်ရန်အတွက် သင့်လျော်သော ဘတ်ဂျက်ထည့်သွင်း ပံ့ပိုးပေးနိုင်ခြင်းဖြင့် နိုင်ငံတော်အတွက် အရေးကြီးဆုံးနှင့် တန်ဖိုးအရှိဆုံး အရင်းအမြစ်ဖြစ်သည့် လူသားအရင်းအမြစ် ကလေးငယ်လေးများကို  ကောင်းစွာတန်ဖိုးရှိရှိဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်ပေးရာ ရောက်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှလည်း ဦးစားပေး လုပ်ငန်းစဉ်များအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်နေသည့်အတွက် အဆိုအား အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းပြောကြား သည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ ဆန္ဒရယူရာ သဘောမတူသူ မရှိသည့်အတွက် အဆိုကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။    

     

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


အေးအေးသန့်(သတင်းစဉ်)