နေပြည်တော် မတ် ၁၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် (Grade-12)စာမေးပွဲ ဒုတိယနေ့ကို ယနေ့ဆက်လက် ကျင်းပရာ ကျောင်းသား၊ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ်ကို အေးချမ်းစွာ ဝင်ရောက်ဖြေဆို ကြသည်။
ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ နေပြည်တော် ကောင်စီနယ်မြေပညာရေးမှူး ဒေါက်တာကျော်လွင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာန များသို့လည်းကောင်း၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ နေပြည်တော် ကောင်စီနယ်မြေ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းရှိ စာစစ်ဌာနများသို့ လည်းကောင်း၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းသို့လည်းကောင်း သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးကြသည်။
အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများသို့ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများသွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးသည်။
စာစစ်ဌာန အသီးသီး၌လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများ၊ လူမှုရေးအဖွဲ့အစည်းများက စည်းလုံးညီညွတ်စွာ စောင့်ရှောက်ပေး လျက်ရှိပြီး စာစစ်ဌာနအားလုံးတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)