ရန်ကုန် ၊ မတ် ၁၂
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှစတင်၍ နိုင်ငံတစ်ဝန်းရှိ စာစစ်ဌာနတို့တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိရာ စနစ်သစ်ပထမနေ့၌ မြန်မာစာ ဘာသာရပ်ကို ၁၂၈၈၀၁ ဦးဖြေဆိုခဲ့ပြီး ယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဆက်လက်ဖြေဆိုခဲ့ကြသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးခြားမှုတစ်ခုအဖြစ် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ အသက် ၆၂ နှစ်ရှိ ဦးစိန်မြင့် ဝင်ရောက် ဖြေဆိုလျက်ရှိပြီး ယနေ့ အင်္ဂလိပ်စာဘာသာရပ်နေ့တွင်လည်း ဘာသာရပ်အပေါ် စိုးရိမ်မှုကင်းစင်စွာ ဖြေဆိုနိုင်ခဲ့သောကြောင့် မိသားစုနှင့်အတူ ဝမ်းမြောက်ဂုဏ်ယူလျက်ရှိပြီး စာမေးပွဲဖြေဆိုလိုသော စိတ်ဆန္ဒများ ဖြစ်ပေါ်လာပုံအား ဤသို့ ပြောကြားသည်။
“ကျွန်တော် ၁၉၈၂ ခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲကို ဆဗထ-၁၉၈၉ ခုံအမှတ်နဲ့ ဖြေခဲ့ဘူးတယ်။ နဝမတန်းကိုတော့ ဒလမြို့နယ် အမှတ်(၁)အထက်တန်းကျောင်းကနေ အောင်ခဲ့တာပါ။ ပညာကို လိုချင်ပေမယ့် မိဘရဲ့စီးပွားရေးအခြေအနေကြောင့် ပညာရေးရပ်ခဲ့ရပါတယ်။ အိမ်ထောင်ကျတဲ့အခါ မိသားစုအရေးနဲ့ ကလေးတွေအနာဂတ်ကျိုးစားပြီး မြေတောင်မြှောက်ပေးခဲ့ပါတယ်။ သားဖြစ်သူက လေးဘာသာဂုဏ်ထူးနဲအောင်ပြီး ဆေးကျောင်းမရတဲ့အတွက် ကွန်ပျူတာတက္ကသိုလ်ကို ပို့နိုင်ခဲ့တယ်။ အခုသားက အမေရိကန်နိုင်ငံမှာ ဆော့ဝဲလ်နဲ့ပတ်သက်တဲ့လုပ်ငန်းမှာ လုပ်ကိုင်နေပါပြီ။ ကျွန်တော် တက္ကသိုလ်ဝင်တန်းအောင်ချင်တယ်၊ ဘွဲ့ပုံကို သားနဲ့ အတူချိတ်ပြီး ကျွန်တော့မိဘကို ပြချင်တယ်။ ဖြေဆိုဖို့ အကြိမ်ကြိမ်ကျိုးစားခဲ့ပေမယ့် အခုမှ အကောင်အထည်ဖော်နိုင်ခဲ့တာပါ။ အသက်အရွယ်အရ အများကြီး ကျိုးစားရမယ်ဆိုတာလည်း သိထားပါတယ်။
“စာမေးပွဲအတွက် အိမ်မှာ Guide ခေါ်ပြီး ပြင်ဆင်ခဲ့တယ်။ စနစ်သစ်ဘာသာရပ်ဆိုတော့ မှတ်မှတ် ရရလည်း ကျန်ခဲ့မှာပါ။ မြန်မာစာနေ့မှာ ကောင်းကောင်းဖြေနိုင်ခဲ့တယ်။ ဒီနေ့အင်္ဂလိပ်စာကိုလည်း ဖြေနိုင်တာကြောင့် မိသားစုလည်း ဝမ်းသာနေကြပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ရင်အခုန်ဆုံး အချိန်ဟာ သံချောင်းခေါက်သံနဲ့ မေးခွန်းစာရွက် စတင်ဝေတဲ့အချိန်ပါပဲ။ ဟိုတုန်းကခံစားမှုကို အသက်(၆၀)ကျော်မှာ ပြန်လည်ခံစားရရှိတာဟာ ဘာနဲ့မှလဲလို့မရတဲ့ ပညာရဲ့ဂုဏ်သတ္တိလို့ ဆိုရမှာပါ။ ကျွန်တော်တို့နိုင်ငံမှာ အသက်(၇၀)ကျော် ဦးလေးတစ်ဦးလည်း ဖြေဆိုခဲ့ဘူးတာကြောင့် စာမေးပွဲ ဆက်ဖြေဖို့ ခွန်အားတစ်ခုလည်း ဖြစ်စေခဲ့ပါတယ်။ ကျွန်တော်ကျိုးစားပြီး ဖြေဆိုသွားမှာပါ”ဟု ပြော ကြားသည်။
ဗိုလ်တထောင်ခရိုင် ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်က “ မနေ့က မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူတွေ ပျော်ပျော်ရွှင်ရွှင် ဖြေဆိုသွားတာတွေ့ရပါတယ်။ အမှတ်(၆) အထက်တန်း ကျောင်းစာစစ်ဌာနမှာ အသက်(၆၂)နှစ်အရွယ် ဦးလေးတစ်ဦး ဖြေဆိုနေပါတယ်။ Grade – 12 ဘာသာ ရပ်ကို စိတ်ဝင်စားတာရယ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်လိုတဲ့ စိတ်ဆန္ဒတွေကြောင့် ဖြေဆိုတာလို့ သိရပါတယ်။ မြန်မာစာဖြေဆိုနိုင်ပြီးတော့ အင်္ဂလိပ်စာဖြေတဲ့နေ့မှာလည်း စိတ်အားထက်သန်စွာ လာ ရောက်ဖြေဆိုတာကို တွေ့ရပါတယ်။ အခုလို စိတ်ဝင်တစား ဖြေဆိုတာတွေ့ရတော့ ဝမ်းသာပီတိဖြစ်ရပါ တယ်။ Grade – 12 သင်ရိုးသစ်ဘာသာရပ်နဲ့ပတ်သက်ပြီး နွေရာသီမှာ ဆရာ၊ ဆရာမတွေကို မွမ်းမံ သင်တန်းတွေ ပေးသွားဖို့ရှိပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဆင် ပြေချောမွေ့စွာ ဖြေဆိုနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းခဲ့ကြပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း ကူညီပေးကြပါတယ်။ စိတ်အေးချမ်းစွာဖြေဆိုနိုင်အောင် အဖက်ဖက်က ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ကြတဲ့ ဌာနဆိုင်ရာများကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်”ဟု ပြောကြားသည်။
ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်က “ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲ မကျင်းပမီကတည်းက တိုင်းဒေသကြီးအစိုးရအဖွဲ့က စာမေးပွဲကာလမှာ အုပ်ချုပ်ရေး အပိုင်းနဲ့ လုံခြုံရေးအပိုင်းမှာ စိတ်အေးချမ်းသာစွာနဲ့ အောင်မြင်ချောမွေ့စွာ ဖြေဆိုနိုင်အောင် ဝိုင်းဝန်း ပံ့ပိုးပါဆိုတဲ့ ညွှန်ကြားချက်ရှိပါတယ်။ အခုစာမေးပွဲက ထူးခြားမှုနှစ်ခုရှိတယ်လို့ သုံးသပ်တွေ့ရှိရပါတယ်။ ပထမအချက်က စနစ်သစ်စတင်ဖြေဆိုရတဲ့နှစ်လည်းဖြစ်ပါတယ်။ ပိုပြီးခက်ခဲ မလားဆိုတဲ့ စိတ်လည်း ရှိနိုင်ပါတယ်။ ဒုတိယအချက်က ဗိုလ်တထောင် အမှတ်(၆)အထက်တန်းကျောင်း စာစစ်ဌာနမှာ အသက်(၆၂)နှစ်အရွယ် အမျိုးသားတစ်ဦး ဝင်ရောက်ဖြေဆိုနေတာဟာလည်း ထူးခြားမှုတစ်ခုပါပဲ။
“အချို့ နေရပ်စွန့်ခွာလာတဲ့ကလေးတွေ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနိုင်အောင် စီမံဆောင်ရွက် ပေးဖို့ ညွှန်ကြားထားတဲ့အတွက် အခြေခံပညာအဆင့်မှာ (၆၈)ဦး ပညာသင်ကြားခွင့် ရရှိခဲ့ပြီးတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ(၁၁)ဦး ဖြေဆိုနေကြပါတယ်။ စာမေးပွဲဖြေဆိုနေစဉ် အတွင်းမှာ အသံဆူညံမှုမရှိအောင်နဲ့ စာမေးပွဲဖြေဆိုခွင့်ကတ် မေ့ကျန်ခဲ့မှုများရှိရင် အမြန်ဆုံး သွားရောက်ယူ ဆောင်နိုင်အောင် ယာဉ်/ ဆိုင်ကယ်တွေ အသင့်ထားရှိပေးထားပါတယ်။ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွင်စွာ ဖြေဆိုနိုင်အောင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ရပ်ကွက်ပြည်သူ့လုံ ခြုံရေးအဖွဲ့တို့ပူးပေါင်းပြီး ဗိုလ်တထောင်ခရိုင်အတွင်းက စာစစ်ဌာန (၅)ခုက စာဖြေကျောင်းသား (၉၇၈) ဦးရဲ့ လုံခြုံရေးကဏ္ဍကို အပြည့်အဝဆောင်ရွက်ထားပြီး တက္ကသိုလ် ဝင်တန်းစာမေးပွဲကြီး အောင်မြင်ပြီးမြောက်တဲ့အထိ ဆောင်ရွက်သွားမှာပါ”ဟု ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့ အင်္ဂလိပ်စာဘာသာရပ်၌ ကျောင်းသား၊ ကျောင်းသူ ၁၈၀၄၅ ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - ကနူး - ညိမ်းသူ(သတင်းစဉ်)