နေပြည်တော် မတ် ၁၂
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်-ပုသိမ်လမ်းပိုင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအပိုင်းတွင် လမ်းဦးစီးဌာနက အနီးကပ်ကြီး ကြပ်၍ မိုင်တိုင်အမှတ် (၅/၄) မှ မိုင်တိုင်အမှတ် (၁၇/၄)ထိ လမ်းအရှည် (၁၂)မိုင်အား (၄၈)ပေအကျယ် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် Toll Gate များတွင် လမ်းအသုံး ပြုခကောက်ခံနေသည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ယခုအချိန်သည် နွေရာသီကျောင်းပိတ်ရက် ဖြစ်သဖြင့် ကမ်းခြေသို့ အပန်းဖြေခရီးသွားပြည်သူများ ပိုမိုများပြားလာမည်ဖြစ်၍ ရန်ကုန်-ပုသိမ်လမ်း၊ ပုသိမ်-ချောင်းသာလမ်းနှင့် ပုသိမ်-ငွေဆောင်လမ်းများ ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရန်၊ ယာဉ်သွား လာမှု များပြားလာသည့်အတွက် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး အတွက် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများ၊ လမ်းမျဉ်းရေးဆွဲခြင်းများကို သတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်ရန်၊ လမ်းအသုံးပြုခကောက်ခံရေး ဂိတ်များအနေဖြင့် ယာဉ်သွားလာမှု နှောင့်နှေးကြန့်ကြာမှုမရှိစေရေး၊ ပြည်သူ များ အဆင်ပြေချောမွေ့စေရေး၊ လမ်းအသုံးပြုခကောက်ခံရရှိငွေများ နိုင်ငံတော်ဘဏ္ဍာ ငွေများသို့ အပြည့်အဝ ရောက်ရှိစေရေးနှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်ရန်နှင့် အများပြည်သူလုံခြုံမှုကို အထောက်အကူဖြစ်စေရေးအတွက် ယာဉ်သွား လာမှုများအား စနစ်တကျ မှတ်တမ်းပြုစုထားရှိရန်တို့ကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗိုလ်မြတ်ထွန်းတံတား ရှင်းလင်းဆောင်၌ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ ရန်ကုန်-ပုသိမ်လမ်း (ဧရာဝတီတိုင်းဒေသကြီးအပိုင်း)သို့ ဆက်လက်ထွက်ခွာရာ လမ်းတစ်လျှောက်တွင် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် လမ်းအနိမ့်အမြင့် ဖြေညှိ၍ ကတ္တရာရေပိတ်လွှာ လောင်းခြင်းနှင့် လမ်းပုခုံးများ ပြုပြင်ခြင်းများနှင့်စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လမ်းဦးစီးဌာနမှ တာဝန်ယူ၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တို့က ရန်ကုန် - ပုသိမ်လမ်းသည် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ကို အဓိကဆက်သွယ်သည့် လမ်းတစ်လမ်းဖြစ်သည့်အပြင် အရှေ့-အနောက် စင်္ကြံလမ်းမကြီး (East-West Corridor)နှင့် တိုက်ရိုက် ဆက်သွယ်သည့် လမ်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မိုးများသောဒေသ ဖြစ်သောကြောင့် လမ်းများပေါက်ပြဲပျက်စီးနေသဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြုပြင်ထိန်းသိမ်းရန် အစီအစဉ်များ ရေးဆွဲ၍ ဆောင်ရွက်ခဲ့ရကြောင်း၊ ပြုပြင်ရာတွင် လမ်းအင်္ဂါရပ်များနှင့်အညီ အရည်အသွေး ပြည့်မီရေး အထူးအလေး ထားဆောင်ရွက်ရန်လိုကြောင်း၊ လမ်းချဲ့ခြင်းနှင့် လမ်းအဆင့်မြှင့်တင်ရေးတို့ကို နှစ်အလိုက် အဆင့်ဆင့်ဆောင်ရွက်သွားနိုင်ရေးအတွက် လျာထားဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ရန်ကုန်-ပုသိမ်လမ်း မိုင်တိုင်အမှတ် ၈၈/၃ မှ ၈၉/၂ အထိ ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းသို့ သွားရောက်၍ ကွန်ကရစ်ခင်းသည့် လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပုသိမ်မြို့အဝင် လမ်းချဲ့ခြင်းနှင့် လမ်း အဆင့်မြှင့်တင်ခြင်းတို့အတွက် လျာထားချက်အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး ပုသိမ်-ချောင်းသာလမ်း နှင့် ပုသိမ်-ငွေဆောင်လမ်းတို့ လာမည့်နှစ်များတွင် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)