နေပြည်တော် မတ်  ၁၂

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် အီတလီနိုင်ငံ ရောမမြို့ရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေးအရာရှိချုပ်ဖြစ်သူ Mr. Carl Johan Orrenius Skau နှင့်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် WFP က မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် WFP အကြား ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။

 

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အီတလီနိုင်ငံ၊ ရောမမြို့ရှိ WFP ရုံးချုပ်၊ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ WFP ရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာ WFP ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

(သတင်းစဉ်)