ပွင့်ဖြူ မတ် ၁၃

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီ၌ တစ်မြို့နယ်လုံး နွေစပါးသီးနှံ စိုက်ဧက ၃၁၂၈၇ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကာ ဒေသခံတောင်သူများက နွေစပါးသီးနှံ လျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် မတ်လဆန်းမှ စတင်ပြီး မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးသီးနှံကို အားသွန်ခွန်စိုက် ကြိုးပမ်းစိုက်ပျိုး လုပ်ကိုင်လျက်ရှိကြောင်းနှင့် ယနေ့အထိ နွေစပါးသီးနှံ စိုက်ဧက ၄၅၁၉ ဧက စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း  ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေစပါးသီးနှံ စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်၊ သီးနှံအထွက်နှုန်း တိုးတက်မြင့်မားလာစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးနှင့် သက်ဆိုင်သည့် ဆက်စပ်ဌာနများက နွေသီးနှံ စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေး လုပ်ငန်းများကို ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး တောင်သူများ သီးနှံအထွက်နှုန်း တိုးတက်မြင့်မားစေရေးအတွက် စိုက်နည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့် ရရှိရေး၊ မြေဆီလွှာကောင်းမွန်စေရန် သဘာဝမြေဆွေး၊ မြေဩဇာနှင့် သဘာဝပိုးသတ်ဆေး စသည့် စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ ကိုယ်တိုင်ပြုလုပ် သုံးစွဲနည်းစနစ်များကို ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါး ၃၁၂၈၇ ဧက၊ နွေနှမ်း ၃၇၃၄၈ ဧက စုစုပေါင်း နွေသီးနှံစိုက်ဧက ၆၈၆၃၅ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)