နေပြည်တော် မတ် ၁၃

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော  ဌာနဆိုင်ရာအသီးသီးမှ   ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး နှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊  ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုအဆင့်ပစ်ခတ် တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အတွင်းရေးမှူး၊  ဆက်စပ်ဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက  ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတား ဆီးကာ ကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် သက်ဆိုင်ရာ ဌာန/အဖွဲ့ အစည်းများမှ ဝန်ထမ်းများအနေဖြင့် ပဋိပက္ခအတွင်းလိင်အကြမ်းဖက်မှုဆိုင်ရာ တုံ့ပြန်ဖြေရှင်း ဆောင်ရွက်မှု အသိပညာ၊ ဗဟုသုတများရရှိပြီး  အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း။

သင်တန်းတွင် ဆွေးနွေးမည့်ဘာသာရပ်များမှာ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် စပ်လျဉ်းသည့် တိုင်ကြားမှုများအပေါ် အရေးယူဆောင်ရွက်မှု လုပ်ငန်းစဉ်များ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် စပ်လျဉ်းသော ဥပဒေ၊ ပြစ်မှု/ပြစ်ဒဏ်များ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ Conflict-related Sexual Violence (CRSV) ဆိုင်ရာ နှစ်စဉ်အစီရင်ခံစာနှင့် စပ်လျဉ်းသည့် အကြောင်းအရာ၊ ကျား၊ မ အခြေပြု အကြမ်းဖက်မှုဖြစ်ရပ်များကို ကာကွယ်စောင့်ရှောက်မှုပေးခြင်းနှင့် ဝန်ဆောင်မှုဆိုင်ရာများ စသည်တို့ ဆွေးနွေးသွားမည် ဖြစ်ပါကြောင်းနှင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း များစွာအထောက်အကူပြု မည်ဖြစ်သဖြင့် အကျိုးရှိအောင် လေ့လာဆွေးနွေးသွားကြရန် တိုက်တွန်းပြောကြားသည်။

သင်တန်းသို့ ဆက်စပ်ဝန်ကြီး ဌာန(၁၁)ခုနှင့် မြန်မာနိုင်ငံအမျိုးသမီး ရေးရာ အဖွဲ့ချုပ် တို့မှ စုစုပေါင်း သင်တန်းသား/သူ (၃၀) တက်ရောက်ကြပြီး  သင်တန်းကို(၄) ရက်ကြာ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်