မင်းဘူး  ၂၆  ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အိုင်းမရေလွှဲဆည်အနီး မန်းချောင်းနံဘေးရှိ မန်းဆည်တော် အပန်းဖြေစခန်းသည် မန်းရွှေစက်တော်မှကျောင်းတော်ရာ ဘုရားသို့သွားရောက်ရာ ကျေးရွာချင်းဆက် လမ်းပေါ်တွင် တည်ရှိပြီး မန်းရွှေစက်တော်ဘုရားပွဲသို့ဘုရားဖူးလာ ပြည်သူများကလည်း သွားရောက်အပန်းဖြေရာ ကြားစခန်းတစ်ခု ဖြစ်သဖြင့် လာရောက်လည်ပတ်သူများနှင့် အထူးစည်ကားလျက်ရှိသည်။

 

မန်းဆည်တော် အပန်းဖြေစခန်းသည် ညီညာလှပကျယ်ပြန့်စွာ တည်ဆောက်ထားသော ထန်းလက်တဲများနှင့် တသွင်သွင် စီးဆင်းနေပြီး ကြည်လင်အေးမြသည့် မန်းချောင်းရေကြောင့်ဘုရားဖူးလာသူ ပြည်သူများအား ဆွဲဆောင်နေသော အရာတစ်ခုဖြစ်သည့်အတွက် ယခင်နှစ်များကလည်း လာရောက်အပန်းဖြေသူများနှင့် အထူးစည်ကားသောကြောင့် အညာမြေ၏ အိုအေစစ်ဟုပင် တင်စားခေါ်တွင်ကြောင်း သိရသည်။

 

ထို့အပြင် ဆည်တော်အပန်းဖြေစခန်း၏ ဆွဲဆောင်မှုတစ်ခုမှာ ဒေသထွက် အစားအစာတစ်ခုဖြစ်သော သန့်ရှင်း လတ်ဆတ်သည့် ဆီထမင်းနှင့် ငါးကလေးကြော်၊ ချိုးကြော်၊ စာကလေးကြော်၊ ပုစွန်ကြော်တို့မှာလည်း အပန်းဖြေလာသူ ခရီးသွားများ အထူးနှစ်ခြိုက်သည့် အစားအစာတစ်ခုဖြစ်ပြီး အုန်းစိမ်းရေ သောက်ရသည်ကိုလည်း နှစ်ခြိုက်ကြကြောင်း သိရသည်။

 

ယင်းအပန်းဖြေစခန်းသို့ မင်းဘူးမြို့အနောက်ဘက် ကုန်းသာကျေးရွာ၊ ဆင်ခေါင်းကျေးရွာမှတစ်ဆင့် မြောင်းပေါင် လမ်းအတိုင်း သွားရောက်နိုင်ပြီး ပုသိမ်-မုံရွာလမ်းမပေါ်မှတစ်ဆင့် အိုးပြင်မဲ၊ အိုင်းမ၊ ဖြူကုန်း၊ ကျောင်းတော်ရာ မြောင်းပေါင်လမ်းအတိုင်းလည်း သွားရောက်နိုင်သည်။ စကုမြို့ နာရီစင်လမ်းခွဲမှ ပင်လယ်သက်၊ လက်ခုပ်ပင်၊ ပေါင်းရွာ တို့ကို ဖြတ်သန်း၍ သွားရောက်နိုင်ကြောင်း သိရသည်။

 

မေသူလွင်(မကွေး)