၂၆ ဖေဖော်ဝါရီ
ယခုနှစ်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲသည် ယခင်နှစ်များနှင့် အနည်းငယ်ပုံစံကွဲပြားမည်ဖြစ်သည်။ ယင်းသို့ ပြောင်းလဲလိုက်သည့် မေးခွန်းနှင့်ပတ်သက်၍ နိုင်ငံပိုင်သတင်းစာများတွင် ကြိုတင်ထုတ်ပြန်ထားပြီးဖြစ်သည်။ ယခုအချိန်တွင် သက်ဆိုင်ရာဘာသာရပ်အလိုက် ဂျာနယ်များကို သက်ဆိုင်ရာတက္ကသိုလ်နှင့် ဘာသာရပ်ဆိုင်ရာ ဌာနများက ပညာရေးအထောက်အကူအဖြစ် ထုတ်ဝေဖြန့်ချိလျက်ရှိသည်ကိုတွေ့ရလေသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (NESP) ၂၀၁၆-၂၀၂၁ အရ ၂၀၁၆ ခုနှစ်မှစ၍ ပြုပြင်ပြောင်းလဲလျက်ရှိသည်ကို တွေ့ရသည်။ ၂၀၁၆ ခုနှစ်တွင် KG တန်း၊ ၂၀၁၇ ခုနှစ်တွင် Grade-1၊ ၂၀၁၈ ခုနှစ်တွင် Grade-2 တို့ ပြောင်းပြီး ၂၀၁၉ ခုနှစ်တွင် Grade-3 နှင့် Grade-6 တို့ကို တစ်ပြိုင်နက်ပြောင်းရန် ကြိုတင်ပြင်ဆင်လျက် ရှိသည်ကို တွေ့ရ၏။ ဤသို့ဖြင့် KG+12 အစီအစဉ်အရ နှစ်အလိုက်ပြောင်းလဲရန် စီစဉ်လျက်ရှိသည်။
ဆိုရလျှင် ပညာရေးစနစ်ပြောင်းလဲမှုနှင့်အညီ ပညာရေးအကဲဖြတ်စစ်ဆေးမှုများကိုလည်း လိုက်လျောညီစွာ ပြောင်းလဲကြရမည် ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်စာမေးပွဲအထိ သင်ရိုးဟောင်း၊ ပုံစံဟောင်း မေးခွန်းပုံစံဖြစ်သည်။ ယခု ၂၀၁၉ ခုနှစ်တွင် သင်ရိုးဟောင်းဖြစ်သော်လည်း မေးခွန်းပုံစံပြောင်းလဲသွားသည်။ ပြောင်းလဲသည်ဆိုရာတွင်လည်း လုံးဝဥဿုံပြောင်းလဲသွားခြင်းမျိုး မဟုတ်ပေ။ အလွတ်ကျက်မှတ်ခြင်းကို ဖြေလျှော့သည့်အနေဖြင့် ကိုယ်ပိုင်စဉ်းစား သိမြင်ပြီး (သို့) တီထွင်ကြံဆ၍ ဖြေဆိုနိုင်ရန် အတွေးအမြင်ပါသည့်မေးခွန်းများ ထည့်သွင်းထားခြင်းပင်ဖြစ်သည်။ သို့ဖြစ်၍ မေးခွန်းပုံစံအားလုံး ပြောင်းလဲပြီးဆိုသည့် အသိမျိုးမဟုတ်ဘဲထိုက်သင့်သလို ပြောင်းသွားခြင်းသာဖြစ်သည်။
သို့ဖြစ်၍ တက္ကသိုလ်ဝင်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ အထူးပြုလေ့လာရမည့်အပိုင်းကို အကြံပြုချင်သည်။ ပထမတစ်ချက်မှာ နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည့် ပြောင်းလဲလိုက်သည့် မေးခွန်းပုံစံကို အသေအချာလေ့လာရန် ဖြစ်သည်။ လေ့လာနိုင်ရန် မေးခွန်းပုံစံ သုံးစုံရှိပါသည်။ ဒုတိယအချက်မှာ ဘာသာရပ်ဆိုင်ရာ ပါမောက္ခကြီးများနှင့်ဘာသာရပ်ဆိုင်ရာ တက္ကသိုလ်ဆရာများ ပါဝင်ရေးသားထားသည့် ဂျာနယ်များကို လေ့ကျင့်ဖြေဆိုကြရန်ပင် ဖြစ်သည်။
အဓိကပြောချင်သည့်အချက်မှာ မည်သည့်ဘာသာရပ်ကို လေ့လာသည်ဖြစ်စေ ပြောင်းလဲလိုက်သည့်မေးခွန်းပုံစံအတိုင်း အံဝင်ခွင်ကျဖြစ်စေရန်ပင် ဖြစ်သည်။ ဖြေဆိုရန် ညွှန်ကြားထားချက်ကို လိုက်နာဖြေဆိုမှသာသတ်မှတ်ထားသည့် အမှတ်ရနိုင်မည်ဖြစ်သည်။ ဥပမာအင်္ဂလိပ်ဘာသာရပ်တွင် ပေးစာ (Letter) နှင့် စာစီစာကုံး (Essay) ဖြေဆိုရာတွင် သတ်မှတ်ချက်ရှိသည်။ (ယခင်မရှိတဲ့) ယခုအခါ ပေးစာရေးလျှင် စာလုံးရေ ၃၀ဝ ထက်မပို။ စာစီစာကုံးရေးမည်ဆိုလျှင် စာလုံးရေ ၅၀ဝ ထက်မပိုရခြင်းပင်ဖြစ်သည်။ ထို့အတူပင် အခြားဘာသာရပ်အသီးသီးတွင်လည်း သတ်မှတ်ချက်၊ ကန့်သတ်ချက်များ ရှိပါလိမ့်မည်။ အတိအကျလိုက်နာရန် ဖြစ်သည်။
အထူးဂရုပြုရန် အချက်ရှိသေးသည်။ မေးခွန်းပုံစံပြောင်းလဲရခြင်း၏ ရည်ရွယ်ချက်နှင့် တိုက်ရိုက်သက်ဆိုင်နေသည်ဟု ဆို၍ရသည်။ ယင်းအချက်မှာ မိမိကိုယ်တိုင်စဉ်းစားသိမြင်ခြင်း၊ တီထွင်ကြံဆဖြေဆိုခြင်းပင်ဖြစ်သည်။ ဥပမာအားဖြင့် မြန်မာစာမေးခွန်းတွင် အဆိုအချေ။ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း၊ ရေးဖြေရခြင်းပင်ဖြစ်သည်။ ယင်းသင်ခန်းစာသည် အလွတ်ကျက်မှတ်၍ ဖြေဆိုမရနိုင်ပေ။ မိမိကိုယ်တိုင် အကြောင်းအချက်အလက်နှင့် ခိုင်ခိုင်မာမာတင်ပြနိုင်ရန်ပင်ဖြစ်သည်။ မိမိ၏စာစီစာကုံး အနှုန်းအဖွဲ့အတင်အပြ (Presentation)ပေါ်တွင် လုံးဝမူတည်နေခြင်းပင် ဖြစ်သည်။ မိမိကိုယ်တိုင် များများလေ့လာထားခြင်း၊ သုံးသပ်တင်ပြနိုင်ခြင်းတို့ကို လေ့ကျင့်ထားရန်ပင် ဖြစ်သည်။
ဤနေရာတွင် အလွတ်ကျက်မှတ်ခြင်း၏ အားနည်းချက်များကို တွေ့ရသည်။ ကျောင်းသားအများစုသည် အလွတ်ကျက်သည့် စနစ်ကိုသာ အားသန်နေလေရာ အပြင်ထုတ်စာအုပ်များမှ ကူးယူကျက်မှတ်ကြခြင်းသာ များသည်။ မိမိ၏ စွမ်းဆောင်နိုင်မှုကိုမေးသည့် မေးခွန်းများတွင် အမှတ်လျော့နည်းနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် အလွတ်ကျက်ထားသည့် စာများကို ကျောင်းသားအများစုက ဖြေဆိုကြရာ အလွတ်ကျက်ထားကြောင်း သိသာ၏။ ကိုယ်ပိုင်အတွေးအမြင်များဖြင့် ရေးသားထားမှသာ ရမှတ်မြင့်မားနိုင်သည့် အချက်ပင်ဖြစ်သည်။
၂၀၁၉ ခုနှစ် မတ်လတွင် စတင်ကျင့်သုံးမည့် တက္ကသိုလ်ဝင်မေးခွန်းပုံစံသစ်နှင့်ပတ်သက်၍ ပညာရေးစကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ ယင်းစကားဝိုင်းတွင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းနှင့် ဘာသာရပ်ဆိုင်ရာပါမောက္ခ (ဌာနမှူး)များ တက်ရောက်ခဲ့ကြသည်။ ယင်းဆွေးနွေးပွဲတွင် ဘာသာရပ်အလိုက် ပြောင်းလဲသည့် မေးခွန်းပုံစံများကို ရှင်းလင်းပြထား၏။ အကြံပြုချက်များလည်း ပေးထား၏။ သို့ဖြစ်ရာ ဆရာ ဆရာမများနှင့် မိဘများပါ လေ့လာဖတ်ရှုကြဖို့လိုသည်။ မိမိတို့၏တပည့်များ၊ သားသမီးများကို တစ်ဆင့်ဖြန့်ဝေ အသိပေးရမည် ဖြစ်သည်။ (ကလေးများကိုယ်တိုင်ဖတ်မှတ်ရန် အချိန်မရနိ်ုင်ပါ) အကြံပြုချက်အချို့မှာ –
- မိမိလေ့လာရမည့် သင်ခန်းစာများကို နားလည်အောင် သေချာလုပ်ပါ။
- မိမိနားလည်ထားသည့် သင်ခန်းစာများကို မည်သို့သော အကျိုးအကြောင်းဖြင့် ဆက်စပ်ထားသည်ကို သိရှိအောင်လုပ်ပါ။
- အလွတ်ကျက်ခြင်းသည် အနည်းငယ်ကိုသာ ကျက်မှတ်နိုင်၍ မေ့လျော့သွားနိုင်ပါသည်။
- ကျက်သင့်သည်ဆိုလျှင်ပင် အဓိပ္ပာယ်ကိုနားလည်အောင် ပထမလုပ်သင့်ပါသည်။
- ပုံများကိုဆွဲသည့်အခါ အညွှန်း၊ ခေါင်းစဉ်နှင့်အဓိပ္ပာယ်ပါကိုက်ညီအောင် တွေးတောကြံဆပြီးမှကျက်သင့်သည်။
- ဇယားပုံစံများနှင့် Equation များကို ကျက်မှတ်သည့်အခါ အကြမ်းရေးမှတ်ပြီး Note ထုတ်၍ ကျက်လျှင်ပိုမှတ်မိနိုင်သည်။
ဤကဲ့သို့ မေးခွန်းပုံစံပြောင်းလဲခြင်း၏ ဦးတည်ချက်များနှင့်ပတ်သက်၍ ဒေါက်တာအောင်မြင့်ဦးက –
- သင်ကြားသင်ယူမှုထိရောက်မှုရှိစေရန်။
- ကျောင်းသား ကျောင်းသူများ လက်တွေ့ဘဝတွင်အသုံးချနိုင်စေရန်။
- ဘာသာရပ်ကို တကယ်နားလည်ပြီးနားလည်ထားသည့်အတိုင်း ဖြေဆိုရနိုင်စေရန်။
- အလွတ်ကျက်စနစ်ကိုလျှော့ချနိုင်စေရန်။
- ပြဋ္ဌာန်းစာများအပေါ် စဉ်းစားတွေးခေါ်၍ ဖြေဆိုနိုင်ရန်။- အလွတ်ကျက်ရသည့် ဝန်ထုပ်ဝန်ပိုးလျှော့ချရန်ရည်ရွယ်ပါသည်။ ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက မေးခွန်းပုံစံပြောင်းလဲ၍ ရလာနိုင်သည့် အကျိုးကျေးဇူးများနှင့် ပတ်သက်၍- ကျောင်းသား ကျောင်းသူများ သင်ခန်းစာများကိုအလွတ်နှုတ်တိုက်ရွတ်ဆိုမှု လျော့ပါးလာခြင်း။
- သင်ခန်းစာများကိုလက်တွေ့ဘဝတွင် ပြန်လည်အသုံးချတတ်လာခြင်း။
- ကိုယ်ပိုင်အယူအဆထင်မြင်ချက်များကို ထုတ်ဖော်တင်ပြလာနိုင်ခြင်း။
- စဉ်းစားတွေးခေါ်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်း၊ ခွဲခြားစိတ်ဖြာနိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်း စသည့် ၂၁ ရာစု စိန်ခေါ်မှုများအတွက် လိုအပ်သည့်အရည်အသွေးများ တိုးတက်လာနိုင်ခြင်းပင်ဖြစ်သည်။
ထို့ကြောင့် ယခုကျင်းပတော့မည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြောင်းလဲလာသည့် မေးခွန်းပုံစံနှင့်အညီ အောင်မြင်စွာ အောင်ပွဲဝင်နိုင်ဖို့သည် မိဘ၊ ဆရာ၊ ကျောင်းသားတို့၏ ပူးပေါင်းဆောင်ရွက်မှု ပါဝင်လာရမည်သာဖြစ်သည်။ စနစ်တကျ လေ့လာဆည်းပူးခြင်း၊ လေ့ကျင့်ခြင်း၊ အချိန်မှန်ကျက်မှတ်ခြင်းဖြင့် မိမိတို့မျှော်မှန်းသည့် ပန်းတိုင်သို့ လှမ်းနိုင်ကြမည်ဖြစ်ပါ သည်။ ။
ခင်မောင်ဌေး(ပညာရေး)