၂၆ ဖေဖော်ဝါရီ
ပြီးခဲ့တဲ့နှစ် အကုန်ပိုင်းလောက်ကစပြီး ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်တစ်ယောက် အတော်လေး သိက္ခာကျစရာ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလိုအခြေ အနေမျိုးတွေကြားထဲမှာ ဆော်ဒီအိမ်ရှေ့မင်းသားကို နွေးထွေးစွာ ကြိုဆိုမယ့်သူမရှိလောက်ဘူးလို့လည်း ထင်ချင်စရာပါပဲ။ ဒါပေမယ့် ဘယ်သူမှ ထင်မထားခဲ့တာကတော့ ဆော်ဒီအိမ်ရှေ့မင်းသားရဲ့ အာရှခရီးစဉ်မှာ အားလုံးက နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြမယ်ဆိုတာပါပဲ။
ရွှေသေနတ်လက်ဆောင်ပေး
ပါကစ္စတန်ကိုရောက်တဲ့အခါမှာလည်း ဂုဏ်ပြုအဖွဲ့ကနေ အမြောက် ၂၁ ချက် ပစ်ဖောက်ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး လက်ဆောင်အဖြစ် ပေးတဲ့ရွှေသေနတ် တစ်လက်ကိုလည်း လက်ခံရရှိခဲ့ပါတယ်။ ဒီလိုပါပဲ၊ အိန္ဒိယကိုရောက်တဲ့အခါမှာ လည်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက သူ့ကိုပွေ့ဖက်ကာ နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပြန်ပါတယ်။ တရုတ်ပြည်ကို ရောက်ပြန်တဲ့အခါမှာလည်း ကမ္ဘာပေါ်မှာ အာဏာအရှိဆုံး ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့အတူတွဲပြီး သူ့ကိုတွေ့ရပြန်ပါတယ်။ အာရှခရီးစဉ်မှာ ဆော်ဒီအိမ်ရှေ့မင်းသားကို ဒီလိုမျိုးကြိုဆိုခံရလိမ့်မယ်လို့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေ ထင်မထားခဲ့တာ အမှန်ပါပဲ။
ဂုဏ်သိက္ခာထိခိုက်ခံရ
လွန်ခဲ့တဲ့နှစ် တူရကီနိုင်ငံ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းမှာ ဝါရှင်တန်ပိ်ု့စ်က ဂျာနယ်လစ်တစ်ဦးဖြစ်သူ ဂျမားလ်ခါရှော့ဂီ အသတ်ခံရမှုမှာ ဆော်ဒီအိမ်ရှေ့မင်းသား ပါဝင်တယ်ဆိုပြီး သူ့ရဲ့ဂုဏ်သိက္ခာ အတော်ကလေးဆိုးရွားခဲ့ပါတယ်။ ဘင်ဆယ်မန်ကတော့ သူ့အပေါ်စွပ်စွဲထားမှုအားလုံးကို ငြင်းဆိုထားပါတယ်။ ဘယ်လိုပဲ ငြင်းဆိုငြင်းဆို အနောက်အုပ်စုကြားမှာ သူ့ရဲ့ဂုဏ်သိက္ခာ ထိခိုက်ခဲ့ရပါတယ်။ အဲဒီအချိန်မှာတော့ ငယ်ရွယ်တဲ့ အိမ်ရှေ့မင်းသားဟာ နောက်ထပ်မိတ်ဆွေတွေအရေးပေါ် လိုအပ်လာပြီပဲဖြစ်ပါတယ်။
အရှေ့ဘက်ကိုခရီးနှင်
ဒီလိုနဲ့သူဟာ အရှေ့ဘက်ကိုခရီးနှင်ခဲ့ပါတော့တယ်။ တရုတ်နိုင်ငံဟာ ဆော်ဒီအာရေဗျနိုင်ငံနဲ့ အရင်ကတည်းက ကုန်သွယ်ရေးမိတ်ဖက် ပါတနာတွေပါ။ အာရှတစ်လွှားမှာ နိ်ုင်ငံရေးအရကော၊ ဘာသာရေး၊ အတွေးအမြင်တွေပါ ခြားနားသော်လည်း စီးပွားရေးလုပ်ဖို့တော့ အဟန့်အတားတွေ မရှိခဲ့ပါဘူး။ ဘယ်ခေါင်းဆောင်ကမှ ခါရှော့ဂီအသတ်ခံရမှုကို ရည်ညွှန်းပြီးပြောဆိုတာမျိုး မရှိခဲ့ပါဘူး။
ဒါကြောင့် တရုတ်ပြည်နဲ့ စီးပွားရေးလုပ်ဖို့ ဆော်ဒီဘက်က အဆင်ပြေပြေပဲ ချဉ်းကပ်နိုင်မှာပဲ ဖြစ်ပါတယ်။ ပေကျင်းကို ရောက်တဲ့အခါမှာလည်း ဆော်ဒီအိမ်ရှေ့မင်းသားဟာ တရုတ်ပြည် အနောက်မြောက်ပိုင်းပြည်နယ်ဖြစ်တဲ့ ရှင်းကျန့်ပြည်နယ်မှာ မူဆလင်တွေ ဖိနှိပ်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီးတော့ အိမ်ရှေ့ မင်းသားအနေနဲ့ တရုတ်နိုင်ငံကို ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။ အိန္ဒိယမှာဆိုရင်လည်း ဒေါ်လာ ဘီလီယံ ၁၀ဝ တန်ဖိုးရှိ အလားအလာကောင်းတဲ့ စာချုပ်တွေကို စိတ်ဝင်စားကြောင်း ပြသခဲ့ပါတယ်။ ဘင်ဆယ်မန်ဟာ သူ့ရဲ့ သုံးနိုင်ငံခရီးစဉ်အတွင်း ဘီလီယံနဲ့ချီပြီးတန်တဲ့ ကုန်သွယ်ရေး သဘောတူစာချုပ်တွေကို ချုပ်ဆိုခဲ့ပါတယ်။
သေချာတွက်ထားတဲ့ခရီးစဉ်
ဘင်ဆယ်မန်ရဲ့အဖေ လက်ရှိ ဆော်ဒီဘုရင်ဟာလည်း လွန်ခဲ့တဲ့နှစ်နှစ်ခန့်က အာရှကို သွားရောက်ခဲ့ဖူးပါတယ်။ ဘင်ဆယ်မန်ရဲ့ ခရီးစဉ်မှာတော့ စီးပွားရေးအားကောင်းတဲ့ နိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ စင်ကာပူတို့ကို သွားရောက်ခဲ့ခြင်း မရှိပါဘူး။ အဘူဒါဘီမှာရှိတဲ့ ဇေးတက္ကသိုလ်က တရုတ်နဲ့အရှေ့အလယ်ပိုင်းဆက်ဆံရေးမှ ပါမောက္ခဖြစ်သူ ဂျွန်နသန်ဖော်တန်ကတော့ အိမ်ရှေ့မင်းသားဟာ ဒီခရီးစဉ်ကို သေချာလေး တွက်ချက်ပြီးမှ သွားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ပါကစ္စတန်ဆိုတာကလည်း ဟိုးအရင်သမိုင်းကြောင်း အစဉ်အလာအရ ဆော်ဒီအာရေဗျအတွက် အရေးပါတဲ့ နိုင်ငံတစ်ခုပါ။ အထူးသဖြင့် အခုလက်ရှိမှာ ပါကစ္စတန်မှာ အင်မရန်ခန်း အာဏာရလာတဲ့အချိန်မှာ ပိုပြီးအရေးပါလာတယ်လို့ ၎င်းက ဆက်ပြောပါတယ်။ လွန်ခဲ့တဲ့နှစ် မစ္စတာခါရှော့ဂီ အသတ်ခံရပြီး တဲ့နောက်မှာ ရင်းနှီးမြှုပ်နှံမှုညီလာခံမှာတော့ အနောက်နိုင်ငံတွေက စီးပွားရေးခေါင်းဆောင်တွေဟာ ဆော်ဒီကိုဝိုင်းပယ်ထားကြပါတယ်။
ရင်းနှီးမှုခိုင်မာအောင်လုပ်ဆောင်
အင်မရန်ခန်းဟာ ညီလာခံကိုတက်လာတဲ့ နိုင်ငံ့ခေါင်း ဆောင်အနည်းစုထဲက တစ်ယောက်ဖြစ်ပြီး သူဟာ ဘင်ဆယ်မန်နဲ့အတူ လိုလိုလားလားပဲ ဓာတ်ပုံတွဲပြီး ရိုက်ခဲ့ပါတယ်။ အဲဒီနောက် သိပ်ပြီးမကြာခင်မှာပဲ ဆော်ဒီဟာ ပါကစ္စတန်မှာဖြစ်နေတဲ့ စီးပွားရေးအကျပ်အတည်းကို ဖြေလျှော့နိုင်ဖို့ရာ ဒေါ်လာ ၆ ဘီလီယံခန့် အကူအညီ ပေးလိုက်ပါတယ်။ ဒီလိုနဲ့ရင်းနှီးမှုကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ခဲ့ပါတယ်။
ခင်မင်မှုနက်ရှိုင်း
တရုတ်နဲ့ အိန္ဒိယတို့ကတော့ ဆော်ဒီအတွက် ကြီးမားတဲ ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ ထောက်ပံ့ပေးသူတွေဖြစ်ပြီး အဲဒီအတွက်ကြောင့်လည်း အနောက်အုပ်စုနဲ့ ပိုပြီးအေးစက်လာပါတယ်။ အိန္ဒိယနဲ့ ဆော်ဒီတို့ရဲ့ ခင်မင်ရင်းနှီးမှုဟာ နက်ရှိုင်းလှပါတယ်။ အိန္ဒိယဟာ ဆော်ဒီအတွက် နှစ်ပေါင်း ၇၀ ကျော်ကြာအောင် ရင်းနှီးခဲ့ကြပါတယ်။ အိန္ဒိယလူမျိုးသုံးသန်းခန့်ဟာ ဆော်ဒီအာရေဗျမှာ နေထိုင်နေကြပါတယ်။ ဒါဟာအရေးပါတဲ့ လုပ်သားအရင်းအမြစ်ပဲလို့ အိမ်ရှေ့မင်းသားက လွန်ခဲ့တဲ့သီတင်းပတ်က ဒေလီမြို့မှာ ရောက်ရှိစဉ်အတွင်း ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံကတော့ ဆော်ဒီအတွက်အကြီးဆုံးစီးပွားရေး မိတ်ဖက်ပါတနာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ကပဲ ရေနံနဲ့ ဆက်စပ်ပြီး ဒေါ်လာ ၄၆ ဘီလီယံခန့် ဆော်ဒီနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့ခဲ့ပါတယ်။
ရေနံအပေါ် အမှီအခိုကင်းစေလို
ဘင်ဆယ်မန်ဟာ ၂၀၁၆ ခုနှစ်ကစပြီး သူ့နိုင်ငံရဲ့စီးပွားရေးကို ရေနံအပေါ်မှာ မှီခိုနေရတာကနေ တဖြည်းဖြည်း ကင်းလွတ်စေချင်ပါတယ်။ ၂၀၃၀ ပြည့်နှစ်မှာ ရေနံအပေါ် အမှီအခိုကင်းတဲ့ စီးပွားရေးလုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့်လည်း အခုအချိန်အထိ ရေနံဟာ တိုင်းပြည်စီးပွားရေးရဲ့ အဓိကကျောရိုးမကြီးအဖြစ် ရှိနေတုန်းပါပဲ။
ဆော်ဒီရဲ့အဓိကအသက်သွေးကြောဟာ စွမ်းအင်ကဏ္ဍမှာ ပဲရှိနေသေးတယ်လို့ ဒူဟမ်အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်က အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးပါမောက္ခတစ်ဦးဖြစ်သူအနော့ရှ်က ပြောပါတယ်။ ပါကစ္စတန်မှာ ဘင်ဆယ်မန် လက်မှတ်ရေးထိုးခဲ့တဲ့ ဒေါ်လာ ၂၀ ဘီလီယံတန် သဘောတူစာချုပ်မှာတော့ အနောက်တောင်ပိုင်း ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဂါဝါဒါမြို့မှာ ဒေါ်လာ ၁၀ ဘီလီယံတန် ရေနံသန့်စင်စက်ရု ဆောက်လုပ်ဖို့ သဘောတူညီချက်လည်း ပါဝင်ပါတယ်။ အဲဒီဆိပ်ကမ်းမြို့လေးဟာ တရုတ်ပါကစ္စတန် စီးပွားရေးစင်္ကြံအတွက် အဓိကနေရာလည်း ဖြစ်ပါတယ်။
သက်သေပြနိုင်ခဲ့
အိန္ဒိယမှာဆိုရင်လည်း လာမယ့်နှစ်နှစ်အတွင်းမှာ ဒေါ်လာ ၁၀ဝ ဘီလီယံခန့်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်သွားနိုင်မယ့် အလားအလာကောင်းတွေရှိနေတယ်လို့ ဘင်ဆယ်မန်က ပြောခဲ့ပါတယ်။ ခရီးစဉ်အတွင်းမှာတော့ စွမ်းအင်ကဏ္ဍ၊ ခရီးသွားလုပ်ငန်း၊ အိမ်ရာနဲ့ အသံလွှင့်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသွားဖို့ သဘောတူလက်မှတ် ရေးထိုးခဲ့ပါတယ်။ တရုတ်နိုင်ငံကတော့ ပါကစ္စတန်နဲ့ အိန္ဒိယတို့က သူ့ကိုကြိုဆိုသလိုမျိုး ကြိုဆိုခြင်းတော့ မခံရပါဘူး။ ဒါပေမယ့် ဘင်ဆယ်မန်အတွက် တရုတ်ပြည်ဟာ သူရှာနေတဲ့ ရင်းနှီးမြှုပ်နှံဖို့နေရာကောင်းတစ်ခု ဖြစ်ပါတယ်။
တရုတ်သမ္မတနဲ့ တွေ့ဆုံပြီးတဲ့အခါမှာတော့ ဘင်ဆယ်မန်ဟာ သင်္ဘောနဲ့ ကုန်စည်ပို့ဆောင်တဲ့လုပ်ငန်း၊ စွမ်းအင်ကဏ္ဍ တို့နဲ့ စပ်လျဉ်းပြီး သဘောတူလက်မှတ်တွေ ရေးထိုးခဲ့ပါတယ်။ ဒါပေမယ့် ဘင်ဆယ်မန်ရဲ့ ဖခင်လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က တရုတ်ပြည်သွားခဲ့တဲ့ အခါမှာတော့ ဒေါ်လာ ၆၅ ဘီလီယံတန်ဖိုးရှိတဲ့ ကုန်သွယ်ရေးသဘောတူညီမှုတွေ လုပ်ဆောင်နိုင်ခဲ့တာဖြစ်လို့ ဘင်ဆယ်မန်ကတော့ သူ့အဖေလောက် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
ဒါပေမယ့် သူ့ရဲ့ အာရှခရီးစဉ်ကတော့ အနောက်အုပ်စုကို ဆော်ဒီဟာ တစ်နိုင်ငံတည်းဖြစ်နေမှာ မဟုတ်ဘူးဆိုတာကို ကောင်းကောင်းပြသနိုင်ခဲ့ပါတယ်။ ။
ခြူးစန္ဒီနွေး
ကိုးကား -စီအင်န်အင်န်