နေပြည်တော် မတ် ၁၄
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာ ကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့များမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ ဆက်စပ်ဝန်ကြီး ဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် မူးယစ်တားဆီး ကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌက မူးယစ်ဆေးဝါး ပြဿနာသည် ကမ္ဘာနှင့်အဝန်း လူသားမျိုးနွယ်စု တစ်ရပ်လုံးကို ခြိမ်းခြောက်အန္တရာယ်ပြု နေသည့် ပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်မှု များသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှု စသည့် နိုင်ငံဖြတ်ကျော်မှု ခင်းများနှင့် ဆက်နွယ်လျက်ရှိပြီး နိုင်ငံတော်၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေ စိုးမိုးရေးကို ထိခိုက်စေကြောင်း။
မြန်မာနိုင်ငံ၌ သောင်းကျန်းသူအဖွဲ့များအနေဖြင့် နိုင်ငံအတွင်း တည်ငြိမ်မှုမရှိအောင် လုပ်ဆောင်လျက်ရှိပြီး ၎င်းအခြေအနေကို အခွင့်ကောင်းယူကာ ၎င်းတို့၏ ဝင်ငွေရ လမ်းဖြစ်သည့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများ လုပ်ဆောင်နေ ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတု ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်း၌ ထုတ်လုပ်နိုင်ခြင်း မရှိသောကြောင့် သောင်းကျန်းသူအဖွဲ့များသည် အခြားနိုင်ငံများမှ နည်းလမ်းမျိုးစုံဖြင့် မြန်မာနိုင်ငံအတွင်းသို့ ချိတ်ဆက်သယ်ဆောင်လျက်ရှိနေကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်ရေးကို အဖက်ဖက်မှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး လူသားမျိုးနွယ် တစ်ခု လုံးကို အန္တရာယ်ပြုနေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ်ခံယူပြီး ဆောင်ရွက်လျက်ရှိကြောင်း။
မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ လူလုပ်မူးယစ်ဆေးဝါး (Synthetic Drug) ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများသည် နိုင်ငံတော်၏ လုံခြုံရေးအထိ ခြိမ်း ခြောက်နေသည့် ပြဿနာတစ်ရပ်အဖြစ် ရင်ဆိုင်နေရကြောင်း၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အထူးစစ်ဆင်ရေး ၃၉ ကြိမ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ် တွင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အထူးစစ်ဆင်ရေး Operation 39/24(2024) ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများ ထုတ်လုပ်ရာတွင် အဓိကအသုံးပြုသည့် ဓာတုပစ္စည်း ထိန်းချုပ်ရေး ကဏ္ဍသည်လည်း အလွန်အရေးကြီးသဖြင့် ဓာတုပစ္စည်းများ လမ်းလွဲမရောက်ရှိ စေရေးအတွက် စစ်ဆေးကြပ်မတ် ဆောင်ရွက်ရမည်ဖြစ်ပြီး ဓာတုပစ္စည်း များဆိုင်ရာ လုပ်ငန်းရှင်များကိုလည်း ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများ၊ သတ်မှတ်စည်း ကမ်းချက်များ၊ အရေးယူခြင်းဆိုင်ရာ ပြစ်ဒဏ်များ သိရှိစေရန်အတွက် အသိပညာပေးရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို ကုလသမဂ္ဂ အပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်း နိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် UNODC AFPI DEA NNCC ONCB တို့နှင့် ပူးပေါင်းဆောင်ရွက်မှု ကိုလည်း ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် AA အဖွဲ့သည်လည်း မူးယစ်ဆေး ဝါး သယ်ဆောင်ရောင်းဝယ်မှုများနှင့် ပတ်သက်နေမှုများကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း Mr. Kofi Annam ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ၂၀၁၇ ခုနှစ်အတွင်း ပြုစုဖြန့်ဝေခဲ့သည့် အပြီးသတ်အစီရင်ခံစာတွင် ဖော်ပြခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် ပြည်မကိုဖြတ်ပြီး မူးယစ်ဆေးဝါး သယ်ဆောင် သည့် အဖွဲ့တွင် AA တပ်ဖွဲ့ဝင်များ ပါဝင်နေသည်ကို (၈)ကြိမ်ခန့် ဖမ်းဆီးဖော်ထုတ်ရရှိခဲ့ ကြောင်း၊ AA အဖွဲ့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို ပြည်တွင်းသတင်း များ၌သာ ကြေညာခဲ့ပြီး နိုင်ငံတကာအထိ သိရှိအောင် ဆောင်ရွက်ရမည်ဖြစ်၍ မူးယစ်ဆေး ဝါးတိုက်ဖျက်ရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာ သံရုံးများမှတစ်ဆင့် ကျယ် ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်နေချိန်တွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး မတည်မငြိမ်မှုများ အပေါ် အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံအတွင်းရှိ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် PDF အဖွဲ့များသည် မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ် မှုများနှင့် ဆက်စပ်ပတ်သက်နေသည်ကို ဖမ်းဆီးရမိမှုဖြစ်စဉ်များမှ စစ်ဆေးဖော်ထုတ်တွေ့ရှိရကြောင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများမှ ရရှိသည့် ငွေကြေးများဖြင့် လက်နက်ခဲယမ်း၊ အသုံးအဆောင်ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်း ဆောင်ရွက်ကာ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေသည့် လုပ်ရပ်များ လုပ်ဆောင်နေကြသည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။
ထို့နောက် မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးစစ်အေးတို့က ရှေ့ဆက်လက်ဆောင်ရွက်ရန် လိုအပ် သည်များကိုလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူးက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ကြိုးပမ်းဆောင်ရွက်ချက်များအပေါ် သုံးသပ်တင်ပြခြင်းနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို လည်းကောင်း၊ တက်ရောက်လာသူများက မူးယစ်ဆေးဝါး တားဆီး ကာကွယ် ရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ လိုအပ်ချက်/ အကြံပြု ချက်များကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး မူးယစ်တားဆီး ကာကွယ်ရေးအဖွဲ့ဗဟိုအဖွဲ့ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်