နေပြည်တော် မတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းဘူတာနှင့် ကညွတ်ကွင်း ဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၂၀/၂-၃ ၌ မတ် ၁၃ ရက် ည၁၂ နာရီက မိုင်းပေါက်ကွဲ သံများကြားရသဖြင့် တောကျွဲအင်း-ကညွတ်ကွင်း လမ်းပိုင်းအား ခေတ္တပိတ်ထားခဲ့ရသည်။
မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပြီး မြန်မာ့မီးရထားဝန်ထမ်းများက ရထားလမ်းအား သွားရောက်စစ်ဆေးရာ တောကျွဲအင်း- ကညွတ်ကွင်းကြား မိုင်တိုင်အမှတ်၊ ၁၂၀/၂-၃ ကြားရှိ စီမံကိန်းဆောင်ရွက်ဆဲ အစုန်ရထားလမ်းသစ်မှာ ပျက်စီးသွားခဲ့ပြီး သံလမ်း ၁၀ ပေခန့် ပြတ်ထွက်ခြင်း၊ ကွန်ကရစ်ဇလီဖားတုံးများ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
မိုင်းထောင်ဖေါက်ခွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ခြင်းမရှိဆဲ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် ပြေးဆွဲနေသော အစုန်/အဆန် လူစီးရထားများ၊ ကုန်ရထားများ သွားလာနိုင်မည်ဖြစ်ပြီး ခရီးသွားပြည်သူများနှင့် ကုန်စည်သယ်ယူ ပို့ဆောင်မှုကို ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း သိရှိရကာ အဆိုပါ စီမံကိန်းလမ်းအဖြစ် ဆောင်ရွက်နေသည့် အဆိုပါ အစုန်လမ်းပိုင်း ပျက်စီးမှုကို အမြန်ဆုံး ပြန်လည်ပြုပြင်သွားမည် ဖြစ်ပါသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ စ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၁၃၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီး ခြင်း (၅၁) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်း အခြေခံအဆောက်အဦများ ပိုမိုကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများကမူ နိုင်ငံတော်ပိုင် ရထားစက်ခေါင်း၊ တွဲများနှင့် ခရီးသည်များ၊ ကုန်စည်များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူများအသက် အန္တရာယ်ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေး ရထားဖြင့် ခရီးသွားလာမှု မပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့အပြင် ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ အချိန်ပိုမိုကြန့်ကြာစေရေးတို့အတွက် ယုတ်မာပက်စက်သော ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ်ကျူးလွန်နေကြသောကြောင့် အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ များ၏ ယုတ်မာပက်စက်မှုများအပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက် ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်