နေပြည်တော် မတ် ၁၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းများ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူ့ စစ်မှုထမ်းဥပဒေကို အသစ်ပြဋ္ဌာန်းခြင်း မဟုတ်ပါကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့်နောက် ၁၉၅၉ ခုနှစ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ထို့နောက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှစပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေအာဏာ တည်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို မြန်မာနိုင်ငံ တစ်နိုင်ငံ တည်းတွင်သာ ထူးခြားပြီး ပြဋ္ဌာန်းခြင်း မဟုတ်ဘဲ အခြားကမ္ဘာ့နိုင်ငံ အများအပြားတွင်လည်း ပြဋ္ဌာန်းထားပြီး ကျင့်သုံးနေကြပါကြောင်း။

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို စောင့်ထိန်းရန် တာဝန်ရှိကြောင်း၊ တိုင်းပြည်အတွင်း ရှိသည့် နိုင်ငံ့စွမ်းအားစု အားလုံးပါဝင်ဆောင်ရွက်နိုင်ရေးအတွက် တစ်ခုတည်း သော နည်းလမ်းသည် အမျိုးသားစစ်မှုထမ်းစနစ်(National Service)ဖြစ်ကြောင်း၊ အမျိုးသား စစ်မှုထမ်းစနစ်သည် နိုင်ငံတော်လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ရေရှည်ဆောင်ရွက်ရမည့်(Long Term Plan)ဖြစ်ကြောင်း၊ နိုင်ငံတော်၏စီးပွားရေးစွမ်းအား (Economic Might)၊ ကာကွယ်ရေးစွမ်းအား(Military Might)တို့ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေအာဏာတည်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးနောက် အချို့ပြည်သူများကြား စိုးရိမ်စိတ်များ ဖြစ်ပေါ်ခဲ့မှု၊ အဆိုပါစိုးရိမ်စိတ်ကို အခွင့်ကောင်းယူပြီး အကြမ်းဖက်အုပ်စုများက မီဒီယာများကို အသုံးပြု၍ ပြည်သူများစိုးရိမ်စိတ် ပိုမိုမြင့်မားအောင် ပြုလုပ်နေကြမှု၊ ကမ္ဘာ့နိုင်ငံများတွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ကျင့်သုံးဆောင်ရွက်နေမှုများ၊ မိမိတို့နိုင်ငံတွင် စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းထားပြီးနောက် ဆောင်ရွက်နေမှုများ၊ စစ်မှုထမ်းဆောင်ခြင်းနှင့် အကျုံး ဝင်သည့်အချက်များနှင့် ကင်းလွတ်ခွင့်ပြုနိုင်သည့်အချက်များ၊ စစ်မှုထမ်းဆောင်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို   ရှင်းလင်းဆွေးနွေး ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိပုဂ္ဂိုလ်များ နှင့်အတူ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက်၊ သာသနပါလဓမ္မရိပ်သာ(မြိတ်) ကျောင်းတိုက်၌ ကျင်းပ သည့် နေပြည်တော်ကောင်စီနယ်မြေ (၁၀၈)ရက် အသံမစဲဥပ္ပါတသန္တိ ပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညိုပူဇော်ပြီး သာသနပါလ ဓမ္မရိပ်သာ(မြိတ်) ကျောင်းတိုက် ပဓာနနာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါသေဋ္ဌ ထံ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်