နေပြည်တော် မတ် ၁၄
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ပနိုင်ငံများသို့ ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့သူ များ၏ အတွေ့အကြံများ ရှင်းလင်း တင်ပြခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်သည်။
အဆိုပါအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာန တို့မှ အရာရှိကြီးများ၊ အရာထမ်း/အမှုထမ်းများ၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်ရုံးများမှ တာဝန်ခံများနှင့် ဝန်ထမ်းများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။
အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကွေ့လင်မြို့၌ ကျင်းပပြုလုပ်ခဲ့သော China-ASEAN Expo Tourism ပြပွဲသို့ တက်ရောက်ခဲ့မှု အခြေအနေများကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဝင်းညွန့် ဦးဆောင် သောအဖွဲ့က လည်းကောင်း၊ ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးစဉ် ဒေသများ အသိအမှတ်ပြုသတ်မှတ်ခြင်း အစီအစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့မှုအခြေအနေများကို ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးနိုင် ဦးဆောင်သော အဖွဲ့တို့ကလည်းကောင်း သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ စနစ်တကျ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုတွင် ဝန်ထမ်းများ၏ အခန်းကဏ္ဍမှာ အရေးကြီးသဖြင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း၊ ယနေ့ တင်ပြချက်များကို သိရှိခြင်းဖြင့် မိမိတို့နိုင်ငံ၏ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်များရရှိပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရာ၌ အထောက်အကူ ပြုမည်မည်ဖြစ်ပါကြောင်း၊ အတွေ့အကြုံရှင်းလင်းခြင်း အခမ်းနားသို့ တက်ရောက်လာကြသော ဝန်ထမ်းများအနေနှင့် ဝိုင်းဝန်းမေးမြန်း ဆွေးနွေးကြစေလိုပါကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်