နေပြည်တော် မတ် ၁၄

နေပြည်တော်ကောင်စီနယ်မြေ၏ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများ ပန်းတိုင်အထွက်ပြည်မီကျော်လွန်ရေး အတွက် ဌာန၊ ပုဂ္ဂလိက နှင့် တောင်သူများ ပူးပေါင်းကြိုးပမ်းလျက်ရှိရာ မိုးကြိုရာသီတွင် နွေနှမ်းသီးနှံစိုက်ပျိုးကြမည့် တောင်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် ဦးစီးဌာနများမှတာဝန်ရှိသူများ၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်များမှ တောင်သူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက ပြည်ပမှ ဆီတင်သွင်းမှု‌လျှော့ချနိုင်စေရန်နှင့် ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေရန်အတွက် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံများကို ဇုန်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေပြည်တော် ဇေယျာသီရိ မြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်များ၏ မိုးကြိုရာသီ ဆီထွက်သီးနှံ နွေနှမ်းစိုက်ပျိုး ထုတ်လုပ်ရာတွင် ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည့် သွင်းအားစုများ၊ မျိုးကောင်း မျိုးသန့်များ၊ ရေနှင့် ရေသွင်းနည်းစနစ်များကို သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများက ပညာပေးခြင်း  သုတေသနပြုလေ့လာထားခြင်းတို့ ဆောင်ရွက်ကြရန် လိုကြောင်း၊ အလင်းရောင် လုံလောက်စွာရရှိသည့်ရာသီတွင်စိုက်ပျိုးမည့် နွေနှမ်းသီးနှံအား အထွက်နှုန်းကောင်း မျိုးကောင်း မျိုးသန့်များ ရွေးချယ်အသုံးပြုပြီး ရေလိုအပ်ချိန်တွင် စနစ်တကျ ရေပေးသွင်း မည်ဆိုပါက ပန်းတိုင်အထွက်နှုန်း ရရှိနိုင်ကြောင်း၊ နွေနှမ်းသီးနှံ စိုက်ပျိုးရာတွင် ရေလိုပါက ရေသွင်းနိုင်ရန် အချိန်အခါမဟုတ်မိုးရွာ၍ ရေပိုပါက ရေထုတ်နိုင်ရန်အတွက် ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဆုံးရှံးမှု နည်းပါးခြင်း၊ ရေအလေအလွင့် နည်းပါးခြင်း၊ ရာသီဥတုဒဏ်ခံနိုင်၍ အထွက်နှုန်းတိုးခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင် ကြောင်း၊ သီးနှံစျေးကွက်ခိုင်မာလာစေရေးအတွက် တောင်သူအစုအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိုးကြိုရာသီတွင် ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက် ရေး အတွက် တောင်သူများ လိုအပ်ချက်များကို လေ့လာ ဖြည့်ဆည်းပေးပြီး မြို့နယ် အလိုက် နွေနှမ်းစံပြ အထူးအထွက်တိုးဇုန် ဖော်ဆောင်နိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း၊ နွေနှမ်းနှင့်အတူ အခြားပဲတီစိမ်း၊ ဖူးစားပြောင်းနှင့် နေကြာတို့ကိုလည်း ယှဉ်ပြိုင်သီးနှံများအဖြစ် ဖြစ်ထွန်းအောင်မြင်နိုင်မှုကိုလည်း တောင်သူများနှင့်အတူ အကန့်လိုက်စိုက်ပျိုး စမ်းသပ်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက မိုးကြိုရာသီတွင် ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိ မှုနှင့် တောင်သူများဘက်က လိုက်နာဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းတင်ပြရာ တောင်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီ နယ်မြေအတွင်း မိုးကြိုနွေနှမ်းအထူးအထွက်တိုး စီမံကိန်းအတွက် ကြိုတင်စီစဉ်ထားရှိ သော ပုဗ္ဗသီရိမြို့နယ်၊ ကြံဖိုစုကျေးရွာအနီးရှိ ဆင်သေချောင်း လျှပ်စစ်ရေတင်လုပ်ငန်း၊ ရေငြိမ်ကန် နှင့် ရေသွယ်မြောင်း ရေသွင်းမြောင်းတလျောက် စိုက်ပျိုးရေ ပေးဝေနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်