တပ်ကုန်း မတ် ၁၆

 

ပြည်ထောင်စုနယ်မြ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများ တရုတ်စကားပြောအခြေခံများရရှိစေရန်၊ သင်တန်းမစမီအချိန်အတွင်း စာအုပ်စာပေများ ဖတ်ရှုလေ့လာပြီး စာပေဗဟုသုတများရရှိစေရန် ရည်ရွယ်ချက်များဖြင့် အခြေခံ တရုတ်စကားပြောသင်တန်း(အခမဲ့)ကို ယနေ့ နံနက်ပိုင်းက  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

 

သင်တန်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားရာတွင် ကျောင်းသားလူငယ်များ နွေရာသီ ကျောင်းပိတ်ရက်များကို တန်ဖိုးရှိစွာဖြတ်သန်းစေလိုရန်၊ အားလပ်ချိန်များတွင် အသိပညာ၊ အတတ်ပညာ များ ဆည်းပူးလေ့ကျင့်တတ်စေရန် မိမိတို့ဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အခြေခံပညာ သင်တန်းများကို  အခမဲ့ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းတွင်  ရပ်ကွက်၊ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး တက်ရောက်ခဲ့ပြီး၊  မတ်လ ၁၆ ရက်မှ မေလ ၂၆ ရက်နေ့ထိ စနေနှင့် တနင်္ဂနွေနေ့တိုင်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)