နေပြည်တော် မတ် ၁၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက  တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်ရှိ ရေလုပ်ငန်းနှင့် ရေထွက်ပစ္စည်းများကို တန်ဖိုးမြင့်ကုန်ချော ထုတ်လုပ်နေမှုများ၊ ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှု အားပေးပြီး လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ကျွန်းစုမြို့နယ် ပထော်ကျေးရွာရှိ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၏ ပုစွန်သားပေါက်စခန်းနှင့် ပုစွန်သားပေါက်များ မွေးကန်များတွင် ရက်သားအလိုက် ပုစွန်သားပေါက် မွေးမြူဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးပြီး ကုမ္ပဏီတာဝန်ရှိသူများကို ပုစွန်သားပေါက်များကို  ပြည်တွင်း၌ ထုတ်လုပ်နိုင် သည်အထိ ကြိုးပမ်းကြရန်နှင့် ငါး ပုစွန်များကို ဖမ်းဆီးထုတ်လုပ်ခြင်းထက် မွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးလာရေးအတွက် အသေးစား အငယ်စား မွေးမြူရေး တောင်သူများအား လက်တွဲခေါ်ယူ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ပထော်ရေလှောင်တမံအတွင်း ပြည့်ဖြိုးထွန်းအင်တာနေရှင်နယ်ကုမ္ပဏီ လီမိတက် နှင့် မြန်မာဆိုလာပါဝါထရေးဒင်း ကုမ္ပဏီ လီမိတက်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် (၃ ဒသမ ၇၇)မီဂါဝပ် ရေပေါ်ဆိုလာ စနစ်လုပ်ငန်း စီမံကိန်း၏ ဆိုလာပြား တပ်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါ ရေပေါ်ဆိုလာစနစ် လုပ်ငန်းစီမံကိန်းသည် ပထော်ရေလှောင်တမံအတွင်း ရေပြင်အကျယ်အဝန်း (၇)ဧကတွင် ဆိုလာအချပ်ရေ စုစုပေါင်း(၆၃၈၄)ချပ် တပ်ဆင် ဆောင်ရွက်ထားရှိပြီး ဆိုလာစွမ်းအင် (၃ ဒသမ ၇၇)မီဂါဝပ် ထုတ်ပေးနိုင်မည်ဖြစ်ကာ အင်ဗာတာ(၂၅၅) ကီလိုဝပ် (၁၂)လုံးတပ်ဆင်ထားရှိပြီး လာမည့် ဧပြီလအတွင်း လျှပ်စစ်ဓါတ်အားထုတ်ယူ၍ ပြည့်ဖြိုးထွန်းအင်တာနေရှင်နယ်ကုမ္ပဏီလီမိတက် ၏ အအေးခန်း စက်ရုံနှင့် စက်ရုံ အလုပ်ရုံများ ၊မကြာမီတည်ဆောက်မည့် ဆီအုန်း ဆီချောစက်ရုံ လည်ပတ် ရေးတို့အတွက် အသုံးပြု သွားမည်ဖြစ်သည့်အပြင် ပထော် ၊ ပထက် ကျွန်းပေါ်ရှိ ဒေသခံပြည် သူများ လျှပ်စစ်မီးအသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ပထော်ကျွန်းပေါ်ရှိ ခေတ်မီရေငန်ပုစွန် မွေးမြူရေးလုပ်ငန်း နှင့် ရက်(၈၀)သားရှိ မွေးပုစွန်များ ကန်ဖော်ဆယ်ယူ၍ အအေးခန်းစက်ရုံသို့ ပို့ဆောင်သည့်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကြပြီး  လိုအပ်သည့်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ခေတ်မီအအေးခန်းစက်ရုံအတွင်း ရေငန်ပုစွန်များ၊ ကဏန်းပျော့များနှင့် ရေထွက်ကုန်များကို တန်ဖိုးမြင့် ကုန်ချောအဖြစ် ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရန် ဆောင်ရွက် ထားရှိမှု၊ တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ် ၏ သုတေသန ရန်ပုံငွေဖြင့်  မြိတ်နှင့် ကျွန်းစုဒေသတို့တွင် စီးပွားဖြစ် ကျယ်ပြန့်စွာ မွေးမြူထုတ်လုပ်လျှက် ရှိသော ငါးပုစွန်မွေးမြူရေးလုပ်ငန်းများ အတွက် ငါး ပုစွန် ရောဂါ စစ်ဆေးနိုင်ရေး ဆောင်ရွက် ထားရှိမှု၊ ငါး ပုစွန် မွေးမြူရေးကန်များ ရေရှည် စဉ်ဆက်မပြတ် မွေးမြူထုတ်လုပ်နိုင်ရေး ရည်ရွယ် ဆောင်ရွက်ထားရှိသည့် RT-PCR ဓာတ်ခွဲခန်းများကိုကြည့်ရှုစစ်ဆေးခဲ့ကြသည်။ 

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဒေါင်းကူးမော်ကျေးရွာရှိ ကောင်းကောင်းမွေးမြူရေးကုမ္ပဏီလီမိတက်၏ ကဏန်းပျော့မွေးမြူရေးလုပ်ငန်း ဆောင်ရွက် နေမှုနှင့် ကတ္တလူကျေးရွာရှိ ပြည့်ဖြိုးထွန်းကုမ္ပဏီ၏ ခေတ်မီရေငန်ပုစွန်မွေးမြူရေး စီမံကိန်း လုပ်ငန်းများကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ စီမံကိန်းရှင်းလင်းဆောင်တွင် ကုမ္ပဏီအသီးသီးမှ တာဝန်ရှိသူများက  ရေငန်ပုစွန်မွေးမြူရေး လုပ်ငန်းများဆောင်ရွက်နေမှု နှင့် ပုစွန်များတိုးချဲ့မွေးမြူနိုင်ရေးအတွက် ပုစွန်ကန်အသစ်များ တူးဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက ငါး ပုစွန်မွေးမြူထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဝန်ကြီးဌာန၏ ကူညီဆောင်ရွက်ပေးနေမှု ၊ မြေယာများအသုံးပြုရာတွင် တည်ဆဲမြေယာဥပဒေများ နှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရေး အလေးထား ဆောင်ရွက်ရန်လိုအပ်ချက်များ၊ ပြည်ပပို့ကုန်များအတွက် သက်ဆိုင်ရာနိုင်ငံများ၏ စံချိန်စံညွှန်း များကို တိကျစွာလိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပရည်ကျွန်းရေပြင်တွင် ဂျင်းခရုမွေးမြူရေး လုပ်ငန်း ဆောင်ရွက်နေမှု၊ ဆားကျွန်းအရှေ့ ရေပြင်တွင် ယူနိုက်တက် (မြိတ်) ကေအမ်ကေကုမ္ပဏီ၏ ကျောက်ငါး၊ ကကတစ်ငါး မွေးမြူရေး ဆောင်ရွက်နေမှု၊ မွေးမြူရေးသုတေသနဦးစီးဌာန၏ ကျောက်ငါးနှင့် ငါးပါးနီမျိုး သုတေသန ငါးများ မွေးမြူဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြိတ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာဝန်ထမ်းများကို တွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်