ရန်ကုန် မတ် ၁၆
မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ်လုပ်ငန်းရှင်များ Cluster အဖွဲ့ချုပ် ဖွဲ့စည်းခြင်းအခမ်းနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ဥက္ကလာသီရိသိမ်ကျောင်း ပရိယတ္တိစာ သင်တိုက်၌ ကျင်းပသည်။
အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မှ ပေးပို့သော သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနညွှန်ကြား ရေးမှူး ဦးကျော်ကျော်ညွန့် က ဖတ်ကြားရာသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဖိနပ်လုပ်ငန်းရှင်များ ဥက္ကဋ္ဌ ဦးကံညွှန့်က မြန်မာနိုင်ငံလုံးဆိုင်ရာ Cluster ဖိနပ်လုပ်ငန်းရှင်များ မျိုးတူစု အဖွဲ့ချုပ် ဖွဲစည်းဖြစ်မြောက်ရေး အတွက် ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ Cluster ဖိနပ်လုပ်ငန်းရှင်များ မျိုးတူစု အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ ရွေးချယ်တင်မြောက်ခြင်းကို သဘာပတိအဖွဲ့မှ အတည်ပြုချက်ရယူ၍ ရွေးချယ်တင်မြှောက်ခံရသော ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးကံညွှန့် က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး MSME Cluster ဖိနပ်လုပ်ငန်းရှင်များ မျိုးတူစုအဖွဲ့ကို ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်(၂၉)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ဖိနပ်လုပ်ငန်းအစုအဖွဲ့အလိုက် စုပေါင်းစွမ်းအားကို တည်ဆောက်နိုင်ခြင်းဖြင့် ဖိနပ် လုပ်ငန်းရှင် တစ်ဦးတစ်ယောက်တည်းဖြင့် မအောင်မြင်မရယူနိုင်သော ဈေးကွက်အခွင့်အလမ်းများကို အစုအဖွဲ့ ၏ စုစည်းအားဖြင့် ရယူထိုးဖောက်နိုင်ခြင်း၊ ဖိနပ်လုပ်ငန်းရှင်များ တွေ့ကြုံ နေရသော အခက်အခဲနှင့် အတားအဆီးများကို အစုအဖွဲ့လိုက်ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ခြင်းစသည်အကျိုး ကျေးဇူးနှင့် အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်သည်။
သတင်းစဉ်