မန္တလေး မတ် ၁၆
ပညာရပ်ဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ(၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် အမျိုး သားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) မဉ္ဇူသကဆောင်၌ ကျင်းပသည်။
စာတမ်းဖတ်ပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သဘာပတိအဖြစ် ဆောင်ရွက် ကြမည့် စာပေနှင့် အနုပညာ နယ်ပယ်အသီးသီးမှ ပညာရှင်ကြီးများ၊ ပါမောက္ခ၊ ဌာနမှူးများ၊ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ၊ စာတမ်းရှင်များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
စာတမ်းဖတ်ပွဲတွင် ဒုတိယဝန်ကြီးက ယနေ့ကျင်းပသည့် ပညာရပ်ဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲတွင် အနုပညာရပ်ဆိုင်ရာ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ် စာတမ်းများသာမက စာပေပညာရပ်ဆိုင်ရာ သုတေသန စာတမ်းများ အပါအဝင် သုတေသနစာတမ်း (၆)စောင် ဖတ်ကြားသွားမည်ဟု သိရှိရပါကြောင်း၊ တက္ကသိုလ်၏ အသက်သည် သုတေသန(Research)ဖြစ်ပါကြောင်း၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ရင် ဘောင်တန်းနိုင်ရန် သုတေသန လုပ်ငန်းများကို အမြဲလုပ်ဆောင်ရန်လိုကြောင်း၊ သုတေ သန ပြုပြီးသည့်အခါတွင်လည်း လက်တွေ့အသုံးချ ဆောင်ရွက်နိုင်ရန် များစွာလိုအပ် ပါကြောင်း။
ယနေ့ခေတ် ကာလတွင် နိုင်ငံတကာ ယဉ်ကျေးမှုများ နယ်နိမိတ် အတားအဆီးမရှိ စီးဆင်းပျံ့နှံ့ လျက်ရှိကြောင်း၊ မတူညီသည့် ယဉ်ကျေးမှုများအပေါ် နားလည်လက်ခံ ကြရ မည် ဖြစ်သကဲ့သို့ မိမိတို့၏ ကိုယ်ပိုင် ယဉ်ကျေးမှုများအပေါ် အခြားယဉ်ကျေးမှုများ လွှမ်းမိုး မသွားစေရန်၊ ကိုယ်ပိုင်ယဉ်ကျေးမှုများ ထာဝစဉ်တည်တံ့နေစေရန်၊ မျိုးဆက်သစ်များထံ လက်ဆင့်ကမ်း အမွေပေးနိုင်ရန် လွန်စွာအရေးကြီးပါကြောင်း၊ နိုင်ငံတကာတွင်လည်း မြန်မာ့ယဉ်ကျေးမှုကို ပြသနိုင်ရန်နှင့် ပြန့်ပွားအောင်ဆောင်ရွက်ရန် ကြိုးစားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက ပညာရပ်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပခြင်းနှင့် ပက်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် စာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပရာ (မြန်မာစာ) နည်းပြ ဒေါ်အိကူး က “မင်းလူ၏ ရင်ထဲကဆောင်းရာသီ ဝတ္ထုရှည်မှ ဇာတ်ဆောင်စရိုက်ဖန်တီးပုံ” စာတမ်း၊ (ဂီတ)နည်းပြ ဦးမင်းမင်းမြတ်က “အလှူတော်မင်္ဂလာ ဆိုင်းတီးချက်၊ တီးလက်များ” စာတမ်း၊ (သဘင်) လက်ထောက်ကထိက ဒေါ်မြင့်မြင့်အေးက “မြန်မာ့ဇာတ်သဘင်နှင့် တမ်းချင်း၊ ညည်းချင်း ကဗျာတို့၏ ဆက်နွယ်မှုလေ့လာချက်” စာတမ်း၊ (ပန်းချီ) နည်းပြ ဒေါ်မြင့်မြင့်ဝင်းက “မြန်မာမှုလက်ရာများတွင် တွေ့ရှိရသော နတ်ဝက်အဆင်တန်ဆာများ လေ့လာခြင်း” စာတမ်း၊ (ပန်းပု) ကထိက ဒေါ်မြတ်သီရိအောင်က “သဘာဝနှင့်အနုပညာ ဆက်နွယ်မှုအား ပန်းပုပညာ ရှုထောင့်မှ လေ့လာခြင်း”စာတမ်း၊ (ရုပ်ရှင်နှင့်ပြဇာတ်) နည်းပြ ဒေါ်ဇင်သူမောင်မောင်က “ရုပ်ရှင်ဇာတ်ကားများ တည်းဖြတ်ရာတွင် 3ds Max နည်းပညာ၏ အရေးပါပုံကို လေ့လာခြင်း” စာတမ်းတို့ကို ဖတ်ကြားကြပြီး တက်ရောက်လာကြသူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးကြသည်။
ဆွေးနွေးပွဲအပြီးတွင် ဒုတိယဝန်ကြီးသည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး) မဉ္ဇူသကဆောင်ရှိ ပန်းချီ၊ ပန်းပုပြခန်းကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်