ရန်ကုန်၊ မတ် ၁၇

ရန်ကုန်တိုင်းဒေသကြီးဆိုင်ရာ ဝိနယာနုဂ္ဂဟအသင်း၏ (၉၂) ကြိမ်မြောက် ဘုရားဖြူဝိနည်း စာတော်ပြန်ပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပုဇွန်တောင်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက် ဘုရားဖြူကျောင်းတိုက်အတွင်းရှိ သံဃသမိတိကျောင်း၌ ကျင်းပသည်။

ဦးစွာ ဘုရားဖြူ ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တတိ လောက သိဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ် ၁၈၂ ပါးတို့က ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်တော်မူကြပြီး ဘုရားဖြူကျောင်းတိုက် နာယက ဆရာတော်က ဩဝါဒကထာများ ဟောကြားချီးမြှင့်တော်မူသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဆိုင်ရာ ဝိနယာနုဂ္ဂဟအသင်း ဝိနည်းစာတော် ပြန်ပွဲဆိုင်ရာများနှင့်စပ်လျဉ်း၍ အသင်းဥက္ကဋ္ဌ ဦးမြင့်ဆွေက ၁၃၈၅ ခုနှစ် နတ်တော်လတွင် ကျင်းပခဲ့သော (၉၂) ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီးဆိုင်ရာ ဘုရားဖြူဝိနည်း စာတော်ပြန်ပွဲတွင် ဖြေဆို၊ အောင်မြင်ခဲ့မှုတို့ကို ရှင်းလင်းလျှောက်ထားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဆိုင်ရာ ဝိနယာနုဂ္ဂဟအသင်း၏ နာယကများနှင့် အလှူရှင်များက ဝိနယပါရဂူ - စာချတန်းတွင် နှစ်ကျမ်းစွဲနှင့် တစ်ကျမ်းစွဲ အောင်မြင်‌တော်မူသော ဗဟန်းမြို့နယ်၊ မဟာဝိသုဒ္ဓာရုံ ကျောင်းတိုက်မှ သံဃာတော်နှစ်ပါး၊ ဝိနယဝိသာရဒ - အကြီးတန်း အောင်မြင်တော်မူသော သံဃာတော်နှစ်ပါး၊ ဝိနယဆေက - အလတ်တန်းအောင်မြင်တော်မူသော သံဃာတော် ၁၂ ပါး၊ ဝိနယကောသလ္လ - အငယ်တန်း အောင်မြင်တော်မူသော အရှင် ၂၁ ပါး၊ သာမဏေရဝိနယ - မူလတန်း အောင်မြင်တော်မူသော အရှင် ၁၄၅ ပါးတို့ကို အောင်လက်မှတ်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

(၉၂) ကြိမ်မြောက် စာတော်ပြန်ပွဲတွင် အတန်းစုံမှ (၄၈၇) ပါးဖြေဆိုခဲ့ရာ စာချတန်း၊ အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်းနှင့် မူလတန်းတို့မှ သံဃာတော်အရှင်သူမြတ် ၁၈၂ ပါးအောင်မြင်တော်မူခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၃၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ -ကနူး

ညိမ်းသူ( သတင်းစဉ်)