နေပြည်တော်၊ မတ် ၁၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုက်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျေးရွာ ငါးရွာ၊ အိမ်ထောင်စု ၁၀၅၅ စု ၊ လူဦးရေ ၂၃၈၉ ဦး ကို အကျိုးပြုပေးနိုင်မည့် တိုက်ကြီးမြို့နယ်၊ ဂေါ့ကျေးရွာအဝင်လမ်း အရှည်တစ်မိုင် တစ်ဖာလုံ ကွန်ကရစ်ခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်စံချိန် စံညွှန်းအရည်အသွေး ပြည့်မီရေး အလေးထားဆောင်ရွက်ရန်နှင့် ကျေးရွာလမ်း ကော်မတီဝင်များ ဒေသခံပြည်သူ အားလုံးက လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်း ကြစေလိုကြောင်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့် ချေးငွေများပုံမှန်ပေးဆပ်ကြရန် လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုက်ကြီးမြို့နယ် ကျိုက်စကိုင်းကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာယာယီ ရှင်းလင်းဆောင်၌ စကိုင်းရွှေဝါလယ်ယာ သမဝါယမအသင်းသား တောင်သူများ၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာသမဝါယမအသင်း (၁၀) သင်းမှ အသင်းသား တောင်သူများနှင့်တွေ့ဆုံရာ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဦးစီးမှူးက တိုက်ကြီးမြို့နယ် အတွင်း နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မိုးစပါးစိုက်ပျိုးခြင်းအတွက် ငွေကျပ် ၂ သိန်းနှင့်ညီမျှသည့် သွင်းအားစုအတွက် ထောက်ပံ့ပေးခဲ့သော ရန်ပုံငွေများ အပြေအကြေ ပေးဆပ်ပြီးစီးမှု အခြေအနေနှင့် လက်ရှိနွေစပါးစိုက်ပျိုးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြမှုများအပေါ် ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် သမဝါယမ အသင်းသားတောင်သူများ၊ ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝတိုးတက် မြင့်မားလာစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံ နေကြာအပါအဝင် နှမ်း၊ မြေပဲစိုက် တောင်သူများကို တစ်ဧကလျှင် ငွေကျပ် ၂ သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ စပါးစိုက်တောင်သူများအနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်ပျိုးမြေ အရည်အသွေး ကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့၏ လယ်ယာများ အထွက်တိုးရေး၊ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ချေးငွေများနှင့် သမဝါယမချေးငွေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေ ပေးသွင်းကြရန် လိုအပ်ကြောင်း ပြောကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မိုးစပါးရောင်းချခြင်းမှ ရရှိသည့် Refund ငွေများနှင့် တိုက်ရိုက်အစေ့ချစက် (Seader) များကို အသင်းသားတောင်သူများထံ ပေးအပ်ပြီး စကိုင်းရွှေဝါ လယ်ယာသမဝါယမအသင်းမှ နွေစပါး (ထိုင်းရက်၉၀) မျိုးကို အစေ့ချစနစ်ဖြင့် စမ်းသပ်စိုက်ပျိုးထားမှု အခြေအနေကို ကြည်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်