နေပြည်တော်၊ မတ် ၁၇

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် အဝေးခန်းမ၌ စက်ရုံမှူးက စက်ရုံဆိုင်ရာအချက်အလက်များ ကောက်စိုက်စက်များအား သုတေသနပြုလေ့လာ၍ တီထွင်ထုတ်လုပ်ခဲ့မှု အခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် တောင်သူလယ်သမားများလိုအပ်သော စိုက်ပျိုးရေးသုံး စက်ပစ္စည်းကိရိယာများကို တီထွင်စမ်းသပ် ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် MSME များ အတွက် လိုအပ်သည့် စက်ပစ္စည်း ကိရိယာများ၊ စက်အရန်ပစ္စည်းများကိုလည်း ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ MSME များအတွက် လိုအပ်သည့် စက်အရန်ပစ္စည်းများကို ထုတ်လုပ်ပေးနိုင်မည်ဆိုပါက နိုင်ငံခြားငွေ အသုံးပြုရမှုသက်သာ စေမည်ဖြစ်သည့်အပြင် စက်ရုံအနေဖြင့် ဝင်ငွေတိုးတက်ရရှိစေမည်ဖြစ်ကြောင်း။

 

mdn

 

စက်ရုံအနေဖြင့် ထုတ်လုပ်ပေးနိုင်သည့် စက်အစိတ်အပိုင်းပစ္စည်းများကိုလည်း ပုဂ္ဂလိက လုပ်ငန်းရှင်များ သိရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မန္တလေးစက်မှုဇုန်မှ ဝါကြိတ်စက် (Double Roller Gin) များ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသဖြင့် လိုအပ်သည့် စက်အစိတ်အပိုင်းများကို ထုတ်လုပ်ပေးစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်းဆီစားသုံးမှု ဖူလုံစေရေးအတွက် စီမံဆောင်ရွက်လျက်ရှိသဖြင့် ဆီသန့်စင်သည့် စက်များ ထုတ်လုပ်နိုင်ရေးအတွက် သုတေသန ပြုလုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်သူများအသုံးပြုရန် ဝါများလုံလောက်စွာထွက်ရှိသော်လည်း ကြိတ်ခွဲမည့် ဝါကြိတ်စက်များသည် လုံလောက်မှုမရှိသည်ကို စိစစ်တွေ့ရသဖြင့် ပြည်တွင်း၌ ဝါကြိတ်စက်များ ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိသဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ ဝါဂွမ်းအား တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်သည့် ချည်၊ အဝတ်အထည် ဖြစ်သည်အထိ ထုတ်လုပ်နိုင်ပါက အကျိုးအမြတ် ပိုမိုရရှိမည်ဖြစ်ကြောင်း၊ သွင်းကုန်အစားထိုး လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တောင်သူ လယ်သမားများအတွက် အကျိုးဖြစ်ထွန်းစေမည့် တစ်နိုင်တစ်ပိုင်စက်များ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဝါစေ့ဆီ၏ အရည်အသွေး တိုးတက်ကောင်းမွန်စေရေးအတွက် ဝါစေ့သန့်စင်စက်များ ထုတ်လုပ်နိုင်ရေး သုတေသနပြု ဆောင်ရွက်ရမည်ဖြစ် ကြောင်းပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်တွင်းမှထွက်ရှိသည့် ဝါများကို အချိန်မီ ကြိတ်ခွဲနိုင်ရေးအတွက် မန္တလေးစက်မှုဇုန်တွင် ဝါကြိတ်စက်များ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု အခြေအနေကိုရှင်းလင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်ရုံအတွင်း သုတေသနပြု၍ စမ်းသပ်ထုတ်လုပ်ထားသည့် ကောက်စိုက်စက်များ၊ မျိုးစေ့ချစက်များ၊ စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်မှုအခြေအနေ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်