နေပြည်တော်၊ မတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး၏ စိုက်ပျိုးရေး နှင့် ငါး ပုစွန် ထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ကော့သောင်းမြို့၌ ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းတွင် နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မလိဝမ်း) နှင့် ခမောက်ကြီးမြို့ ယုဇနဆီအုန်းကုမ္ပဏီတို့၏ လုပ်ငန်းဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုပြီး လိုအပ်ချက်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံ ဌာနခွဲ၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မလိဝမ်း) ၌ ကိုကိုးပင်များ စိုက်ပျိုးထားရှိမှုနှင့် နည်းပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများ လက်တွေ့စိုက်ပျိုးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်း ပညာပေးစည်းရုံး ဆောင်ရွက်ရန်နှင့် ကိုကိုးစိုက်တောင်သူခြံငယ်များကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မှုအဖြစ် တိုးချဲ့လုပ်ကိုင်နိုင်စေရေး အားပေးကူညီဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
အဆိုပါသုတေသနခြံတွင် ကိုကိုးပင် (၈၀၀) ကို သုတေသနပြု စိုက်ပျိုးထားရှိရာ ယခုအခါ အပင် (၅၀) ရာခိုင်နှုန်းကျော်တွင် ကိုကိုးသီးများ ရရှိနေပြီဖြစ်၍ ဒေသခံတောင်သူများ အနေဖြင့် ရော်ဘာပင်နှင့် ကွမ်းသီးပင်များအကြား ကိုကိုးပင်များစိုက်ပျိုးခြင်းကို အထူး စိတ်ဝင်စားလျက်ရှိကြောင်းသိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခမောက်ကြီးမြို့ရှိ ယုဇနဆီအုန်းကုမ္ပဏီ၏ ဆီအုန်းစိုက်ကွင်း၊ ဆီအုန်းပျိုးပင်များ၊ ဆီအုန်း ဆီကြမ်းစက်ရုံနှင့် ဆီအုန်းကြိတ်ဖတ်များကို သဘာဝမြေဩဇာအဖြစ် ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကုမ္ပဏီတာဝန်ရှိသူများကို ဆီအထွက်နှုန်းကောင်းသည့် ပျိုးပင်များဖြင့် အစားထိုး စိုက်ပျိုးနိုင်ရေး၊ ဆီသီးခိုင်များ အပြည့်အဝ ခူးယူကြိတ်ခွဲနိုင်ရေး၊ ဆီသီးကုန်ကြမ်း ရရှိနိုင်သည်နှင့်အမျှ ဆီကြမ်းစက်ရုံများ ပိုမို တိုးချဲ့တည်ထောင်နိုင်ရေး ဆွေးနွေးပြောကြားကာ ဆီသန့်ဆီချောစက်ရုံ တည်ဆောက်မည့်နေရာကို ကြည့်ရှုစစ်ဆေး၍ စက်ရုံနှင့် လုပ်ကွက်ငယ် ဆီအုန်းတောင်သူများအတွက် ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမ ၌ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကာ ဒေသအလိုက် လယ်ယာ၊ သား၊ ငါး ကုန်ထုတ်လုပ်မှု တိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြရန်၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာကျင့်သုံးရန် နှင့် ဝန်ထမ်းများ၏ ကျန်းမာရေး၊ သက်သာချောင်ချိရေးကို တာဝန်ရှိသူအဆင့်ဆင့်က စနစ်တကျ စီမံဆောင်ရွက်ပေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြား ခဲ့ကြောင်းသတင်းရရှိသည်။
သတင်းစဉ်