နေပြည်တော် မတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး၏ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကဏ္ဍများ ထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မတ် ၁၇ ရက် နံနက်ပိုင်းက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဆီအုန်းခြံကုမ္ပဏီလုပ်ငန်းရှင်များ၊ ရော်ဘာခြံရှင်များ၊ ရေလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက “မြိတ်မှကော့သောင်းအထိ အထွက်နှုန်း ကောင်းမွန်သည့် ဆီအုန်းများကို တိုးချဲ့စိုက်ပျိုးရန်၊ ပင်အိုများအား မျိုးကောင်းမျိုးသန့်များဖြင့် အစားထိုးရန်၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးမှုအပြင် လိုအပ်သည့် စိုက်ပျိုးမြေပြုပြင်ခြင်းနှင့် သွင်းအားစုများကို စနစ်တကျထည့်သွင်းပြီး ခြောက်သွေ့ရာသီတွင် ရေရရှိရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်တွင်းစက်မှု လက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေပေးလျက်ရှိသော ဈေးကွက်အလားအလာကောင်းသည့် ရာသီသီးနှံများကို မျိုးကောင်း မျိုးသန့် ရွေးချယ်စိုက်ပျိုးရန်လိုကြောင်း၊ ကော့သောင်း ဘုတ်ပြင်းခရိုင်အတွင်း ရော်ဘာအထွက်နှုန်း ပေါင် ၁၀၀၀ ကျော် အထိထွက်ရှိသော မျိုးကောင်းမျိုးသန့်များကို မိမိတို့ သုတေသနဌာနမှ စမ်းသပ်ဆောင်ရွက်လျက်ရှိပြီး သုတေသနပြု ဖြန့်ဖြူးလျက်ရှိသော ရော်ဘာမျိုးများသည် တောင်သူကြိုက်နှစ်သက်သည်ကို တွေ့ရကြောင်း၊ ထွက်ရှိလာသော ရော်ဘာများကို ပြည်ပသို့ တင်ပို့ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ ပင်လယ်ပြင်အတွင်း ငါးသယံဇာတများ စနစ်တကျ ထိန်းသိမ်းနိုင်ရေး မွေးမြူရေး ငါးပုစွန်များကို တိုးချဲ့မွေးမြူပြီး ပြည်ပသို့ တင်ပို့ရောင်းချမှုကို စနစ်တကျဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ငါးပုစွန်မွေးမြူရေးကို ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေါင်းစပ်ကူညီ ပေးသွားမည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများရှိပါက အကူအညီတောင်းခံနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြပြီး၊ ဆီအုန်း၊ ရော်ဘာနှင့် ရေလုပ်ငန်းရှင်များက လက်ရှိဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကော့သောင်းမြို့ ကမ်းနီးကမ်းဝေးငါးဖမ်းစက်လှေများ၏ ငါးတင်ငါးချ စစ်ဆေးရေးစခန်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် ၁၂ မိုင်ကျေးရွာ၌ (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် သောက်သုံးရေသန့်ပေးဝေရေး စက်ရုံသစ်ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်အားပေးခဲ့သည်။
သတင်းစဉ်