မင်းဘူး မတ် ၁၈

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မင်းလှကျင်းကျေးရွာမှ ဒေသခံပြည်သူများသည် မန်းရွှေစက်တော်ဘုရားပွဲတော်သို့ လှည်းယာဉ်တန်းများဖြင့် ရှေးအစဉ်အလာ ရိုးရာမပျက် နှစ်စဉ် ဘုရားဖူး သွားရောက်လေ့ရှိရာ ယခုနှစ်တွင်လည်း လှည်းအစီးရေ ၄၀ ခန့်ဖြင့် မတ် ၂၁ ရက်တွင် ဘုရားဖူး သွားရောက်မည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

 

မင်းလှကျင်းကျေးရွာမှ ဒေသခံများက မန်းရွှေစက်တော်သို့ လှည်းယာဉ်တန်းများဖြင့် ဘုရားဖူးသွားရာတွင် နှစ်စဉ် တပေါင်းလဆန်း ၁၂ ရက်နှင့် ၁၃ ရက်များတွင် သွားရောက်လေ့ရှိပြီး တပေါင်းလပြည့်ကျော် ၁ ရက် ညနေမှသာ ပြန်လာလေ့ရှိကြောင်း၊ ဘုရားရောက်ချိန် ဆင်စခန်းအထက် မန်းချောင်းဘေးတွင် စခန်းချကာ ဘုရားကြီးတွင် ငါးရက်ကြာ နေထိုင်လေ့ရှိပြီး၊ မန်းရွှေစက်တော်ရာ ပါဒစေတီ‌တော် ခြေတော်ရာနှစ်ဆူအား နေ့စဉ် သွားရောက် ဖူးမြော်ကြကြောင်း၊ ဘုရားကြီးတွင် နံနက်ခင်းအချိန်၌ ဘုန်းကြီးဆွမ်းလောင်းလှူခြင်း၊ ဘုရားရွှေသင်္ကန်းများ ကပ်လှူပူဇော်ခြင်း၊ အလှူအတန်းနှင့် ကောင်းမှုကုသိုလ်များပြုလုပ်၍ တစ်နှစ်တာကာလ တောင်ယာလုပ်ငန်းဖြင့် ပင်ပန်းခဲ့သမျှ ဘုရားရောက်ချိန် မန်းချောင်းဘေး ရေချိုးရင်း အပန်းဖြေအနားယူလေ့ရှိကြောင်း မင်းလှကျင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းက ပြောပြသည်။

 

မင်းလှကျင်းကျေးရွာသည် အိမ်ခြေ ၁၉၇ အိမ်၊ အိမ်ထောင်စု ၂၀၃ စု၊ လူဦရေး ၇၈၀ ကျော်ရှိပြီး မန်းရွှေစက်တော် ဘုရားကြီးနှင့် ၁၃ မိုင်ခန့်ဝေးကာ ရှေးယခင် ဘိုးဘွားများ လက်ထက်ကပင် မန်းရွှေစက်တော် ဘုရားပွဲတော်ချိန် ရောက်တိုင်း လှည်းယာဉ်တန်းများဖြင့် ယနေ့အထိတိုင် နှစ်စဉ် ဘုရားဖူးသွားရောက်ကြကြောင်း၊ ယခင်နှစ် (၂၀၂၃ ခုနှစ်)က လှည်းအစီးရေ ၂၀ ခန့်သာ သွားရောက်နိုင်ခဲ့ပြီး ယခုနှစ်တွင်မူ လှည်းအစီးရေ ၄၀ ခန့်ဖြင့် ရှေးအစဉ်အလာ ရိုးရာမပျက် ပျော်ပျော်ပါးပါး ဘုရားဖူး သွားရောက်ကြမည်ဖြစ်ကြောင်း၊ ရိုးရာဓလေ့ကို ဖော်ညွှန်းသည့်အနေဖြင့် မြန်မာနိုင်ငံ၌ ဘုရားပွဲတော်သို့ လှည်းယာဉ်များတန်းဖြင့် ဘုရားဖူးသွားရောက်သည့် ချစ်စရာ ရိုးရာဓလေ့သည် မင်းလှကျင်းကျေးရွာ တစ်ရွာထဲသာ ကျန်ရှိတော့ကြောင်း၊ ထို့ကြေင့် ဘုရားဖူး သွားရောက်ချိန် ရောက်တိုင်း အနယ်နယ်အရပ်ရပ်မှ ဓာတ်ပုံဆရာများက မှတ်တမ်းတင်ဓာတ်ပုံများ နှစ်စဉ် လာရောက်ရိုက်ကူးကြကြောင်း သိရသည်။

 

ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ ရက်ပေါင်း ၆၄ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံ၌ ထင်ရှားကျော်ကြားကာ ရက်အရှည်ကြာဆုံးသော  ဘုရားပွဲတော်ကြီးဖြစ်သည်နှင့်အညီ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

 

မောင်မောင်(မင်းဘူး)