နေပြည်တော်၊ မတ် ၁၈
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အသိပညာမျှဝေခြင်း အစီအစဉ် Knowledge Sharing Program အရ “နိုင်ငံသားများ၏ အခွင့်အရေးနှင့်တာဝန်များ - Rights and Duties of the Citizens” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး Conference Room ၌ ကျင်းပသည်။
ဟောပြောပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးချုပ်နှင့် ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ကော်မရှင်ဥက္ကဋ္ဌက “နိုင်ငံသားများ၏ အခွင့်အရေးနှင့်တာဝန်များ - Rights and Duties of the Citizens” ခေါင်းစဉ်ဖြင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း ( Universal Declaration of Human Rights – UDHR) ပါ အခွင့်အရေးနှင့် တာဝန်ရှိမှုများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းနှင့် စပ်လျဉ်းသည့် ကမ္ဘာ့နိုင်ငံများ ကျင့်သုံးသည့်သမိုင်း၊ မြန်မာ့သမိုင်းတွင် နိုင်ငံကာကွယ်ရေးအတွက် ဆောင်ရွက်ခဲ့သည့်ဖြစ်စဉ်များ၊ မျက်မှောက်ခေတ် ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးသောနိုင်ငံများ၊ ပြည်သူ့စစ်မှုထမ်းတာဝန်မှ ယာယီရွှေ့ဆိုင်းခွင့်ရရှိသူများနှင့် ဥပဒေအရ ကင်းလွတ်ခွင့်ရသူများ၊ နိုင်ငံ့သားကောင်းဂုဏ်ရည်နှင့် ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ခြင်း၏ အကျိုးရလဒ်များ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းက နိုင်ငံအချို့၏ ပြည်သူ့စစ်မှုထမ်းခြင်း သာဓကများနှင့် ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခွင့်အရေးနှင့် တာဝန်ရှိမှုတို့ကို ဆွေးနွေးဟောပြောကြရာ တက်ရောက်လာကြသည့် ကော်မရှင်အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်