နေပြည်တော်၊ မတ် ၁၈
နေပြည်တော်ကောင်စီ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂ဝ၂၄)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊ ကော်မတီအတွင်းရေးမှူး၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကလေးအလုပ်သမား တိုးပွားလာသော လက္ခဏာများကို တုံ့ပြန်နိုင်ရန် ပြည့်စုံသည့် လူမှုအကာအကွယ်၊ ဆင်းရဲသော မိသားစုများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အရွယ်ရောက်ပြီးသူများအတွက် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်များ တိုးမြှင့်ခြင်း၊ ကျောင်းနေအရွယ် ကလေးများ ပညာသင်ကြားနိုင်ရေးနှင့် အခမဲ့ပညာရေးစီမံချက်များ ရေးဆွဲဆောင်ရွက်ခြင်း၊ အလုပ်သမားရေးရာ စစ်ဆေးခြင်းနှင့် ဥပဒေစိုးမိုးခြင်းတို့နှင့် ပတ်သက်ပြီး ပိုမိုခိုင်မာအောင်ဆောင်ရွက်ခြင်း စသည့်ကဏ္ဍများကို ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကလေးသူငယ်များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်၏ အနာဂါတ်ကို ကောင်းမွန်စွာ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မာမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် တိုက်ရိုက်သက်ဆိုင်နေသဖြင့် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်၏ ရည်မှန်းချက်များကို ထိရောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ချက်များကို ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဟန်သူက ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူးက နေပြည်တော် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီနှင့် လုပ်ငန်းကော်မတီတို့၏ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီ (၈) ခုမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက ကော်မတီအလိုက်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်