နေပြည်တော်၊ မတ် ၁၈
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၏ ကျေးရွာ သစ်လှုပ်ရှားမှု အခြေခံသင်တန်း၊ အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး သင်တန်းကျောင်း (AERDTC)၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းကို ၂၀၁၅ ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်း ကျေးရွာပေါင်း (၂၂၄) ရွာအထိရှိလာပြီ ဖြစ်ကြောင်း၊ ကိုရီးယားနိုင်ငံနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းတွင် ကျေးရွာပေါင်း (၁၁၀) တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကျေးရွာပေါင်း (၃၄) ရွာ၊ စွမ်းအားမြှင့်မီးဖို ဖြန့်ဖြူးရေးစီမံကိန်း၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာပေါင်း (၄၀) နှင့် ယခုထပ်မံ ရွေးချယ်လိုက်သည့် ကျေးရွာ (၄၀) တို့ ဖြစ်ကြောင်း၊၊

ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကို အကောင်အထည်ဖော်ဆောင် ရွက်ကြမည့် ကျေးရွာခေါင်းဆောင်များသည် ယခု AERDTC သင်တန်းကျောင်းမှ ပို့ချပေးသည့် ကျေးရွာသစ်လှုပ်ရှားမှု အခြေခံသင်တန်းကို တက်ရောက်ကြပြီး မိမိတို့ကျေးရွာများသို့ ပြန်လည်ရောက်ရှိသည့်အခါ မိမိတို့လေ့လာ သင်ယူခဲ့ကြသည့် အသိပညာများကို ပြန်လည်အသုံးချပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက် ကြရန် လိုအပ် ပါကြောင်း၊၊
သင်တန်းကာလတွင် သက်ဆိုင်ရာ သင်ခန်းစာများအပြင် ကျေးရွာသစ်လှုပ်ရှားမှု စိတ်ဓာတ် (၃) ရပ်ဖြစ်သည့် မိမိကိုယ်ကိုအားကိုးခြင်း၊ လုံ့လဝီရိယရှိခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းဆိုသည့် အလေ့အကျင့်ကောင်းများ ရရှိသွားစေရန် သင်ကြားပို့ချပေးမှာ ဖြစ်ကြောင်း၊ ကျေးရွာသစ်လှုပ်ရှားမှု လုပ်ငန်းစဉ် (၃) ရပ်ဖြစ်သည့် လူနေမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည် မြင့်မားရေးနှင့် ဝင်ငွေတိုးပွားရေး လုပ်ငန်းများကိုလည်း ယခင်ကျေးရွာများ၏ အောင်မြင်မှုများကို နမူနာယူပြီး မိမိတို့ ကျေးရွာများနှင့် ကိုက်ညီသည့်၊ မိမိတို့ကျေးရွာသူ၊ ကျေးရွာသားများ သဘောတူညီစွာ ဆောင်ရွက်လိုသည့် လုပ်ငန်းစဉ်များကို ဦးစားပေးရွေးချယ် ဆောင်ရွက်ကြရန် အကြံပြုလိုကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် က သင်တန်းဖွင့်လှစ် ရခြင်းနှင့် စပ်လျဥ်း၍ရှင်းလင်းတင်ပြသည်။
အဆိုပါ စိုက်ပျိုးရေးဦးစီးဌာနကျေးရွာသစ်လှုပ်ရှားမှု အခြေခံသင်တန်း၊ အမှတ်စဉ် (၁/၂၀၂၄) သင်တန်းသို့ မြို့နယ် (၃၉) မြို့နယ်မှ မြို့နယ် ဦးစီးမှူးများ၊ ကျေးရွာသစ် (၄၀) သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး သင်တန်းကာလ (၅) ရက်ကြာြမင့်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်