နေပြည်တော်၊ မတ် ၁၈

ပဲခူး-မော်လမြိုင် လမ်းပိုင်း၌ သဲဖြူကုန်းမှ ကလိခရီးစဉ်အဖြစ် ထွက်ခွာလာသည့် အမှတ် (၆၈၆) အစုန် ကျောက်ရထားသည် မွန်ပြည်နယ် သထုံမြို့နယ် သိမ်ဆိပ်ဘူတာမှ ယနေ့ နံနက် ၆ နာရီ ၅၅ မိနစ်တွင် ထွက်ခွာပြီး သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၂၃/၁-၁၂၂/၂ အကြား ဖြတ်သန်းစဉ် နံနက် ၇ နာရီ ၁၀ မိနစ်အချိန်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲသော မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ရထားတွဲဆိုင်းတွင် ပါရှိသော မိုင်းကာတွဲအပါအဝင် စက်ခေါင်းနှင့်အတူ စက်ခေါင်းနောက်ကပ်လျက်ရှိသည့်အများ ပြည်သူသုံးကျောက်များ၊ အိမ်ထောင်ပြောင်းပစ္စည်းများ၊ ပါဆယ်ပစ္စည်းများ ပါဝင်သည့် တွဲ(၆)တွဲ တို့လမ်းချော်ကျမှုဖြစ်ပွားခဲ့သည်။

 

mdn

 

အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မှ ပုံမှန်ထွက်ခွာလာသော အမှတ် (၈၁) အဆန် လူစီးရထားသည် နံနက် ၉ နာရီ ၁၀ မိနစ်အချိန်တွင် ပဲခူးဘူတာသို့ အချိန်မှန် ရောက်ရှိ/ထွက်ခွာ၍ ကျိုက်ထိုဘူတာသို့ မွန်းလွဲ ၁၂ နာရီ ၆ မိနစ်တွင် ရောက်ရှိရပ်နားကာ ရထားတွင် လိုက်ပါစီးနင်းသည့် ခရီးသည် ၄၄၉ ဦးအား မော်တော်ယာဉ် ၇ စီးဖြင့် သထုံဘူတာသို့ မွန်းလွဲ ၁ နာရီတွင် ပို့ဆောင်ပေးခဲ့ပြီး နံနက် ၉ နာရီ ၁၀ မိနစ်တွင် မော်လမြိုင်မှ စတင်ထွက်ခွာလာသည့် အမှတ် (၈၂) အစုန် ရထားသည် သထုံဘူတာသို့ နံနက် ၁၁ နာရီ ၃၈ မိနစ်တွင် ရောက်ရှိရပ်တန့်၍ မော်တော်ယာဉ်များဖြင့် လိုက်ပါလာသည့် အမှတ် (၈၁) အဆန် ရထားမှခရီးသည်များအား မော်လမြိုင်ဘက်သို့ ဆက်လက်ပို့ဆောင်ပေးခဲ့သည်။ သထုံဘူတာတွင် ရောက်ရှိနေသည့် အမှတ် (၈၂) အစုန် ရထားစီးခရီးသည် ၄၄၁ ဦးအား အဆိုပါမော်တော်ယာဉ်များဖြင့် ကျိုက်ထိုဘူတာသို့ မွန်းလွဲ ၂ နာရီခွဲတွင် ပို့ဆောင်ပေးခဲ့ပြီး အမှတ် (၈၁) အဆန်ရထားဖြင့် ရန်ကုန်သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ပြီး ခရီးသည်များအား မော်တော်ယာဉ်များဖြင့် ရထားပေါ်သို့ကူးပြောင်း ပို့ဆောင်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မြန်မာ့မီးရထား ဝန်ထမ်းများက ကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ ရောက်ရှိလာပြီး နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မြန်မာ့မီးရထား ဝန်ထမ်းများကလည်း လမ်းချော်ကျသော စက်ခေါင်းနှင့်တွဲများအား မ,တင်၍ လမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်း အကြိမ်(၁၃၀)၊ ရထားတံတားများအား မိုင်းခွဲ ဖျက်ဆီးခြင်း (၅၂) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၂)ကြိမ် ကျူးလွန်ခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေ ချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အဦများ ပိုမိုတိုးတက် ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက်အလေးထား စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင် ရထားစက်ခေါင်းနှင့်တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့်ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီးခရီးသွား ပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ် ကင်းရှင်း စွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ ယုတ်မာပက်စက်စွာဖြင့် အကြိမ်ကြိမ် ကျူးလွန်ဖျက်ဆီးနေကြခြင်းအပေါ် ဒေသခံများနှင့် ပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာဆန့်ကျင် ကန့်ကွက်ရှုံ့ချလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်