နေပြည်တော် မတ် ၁၈
အာဟာရချို့တဲ့မှုများ ပပျောက်ရေး အာဆီယံခေါင်းဆောင်များ ကြေညာချက်အား အကောင်အထည်ဖော်ရန်အတွက် ပြုစုရေးဆွဲထားသည့် အာဆီယံဒေသတွင်း ကလေးများအား အန္တရာယ်ဖြစ်သော အစားအသောက်နှင့် အဖျော်ယမကာများ ရောင်းချခြင်းများမှ ကာကွယ်ရန် အခြေခံစံနှုန်းများနှင့် လမ်းညွှန်ချက်များ မိတ်ဆက်ခြင်း အခမ်းအနားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ Virtual စနစ်ဖြင့် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း Video Message ပေးပို့၍ အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးက Video Message ဖြင့် အဖွင့် အမှာစကား ပြောကြားပြီး UNICEF အဖွဲ့ EAPRO Regional Director က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများက video Message ဖြင့် အမှာစကားပြောကြားကြသည်။
ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက Video Message ဖြင့်အမှာစကား ပြောကြားရာတွင် အာဟာရပိုင်းဆိုင်ရာ အာဆီယံ မဟာဗျူဟာ မူဘောင်နှင့် ဆောင်ရွက်မှုအစီအစဉ်တွင် နောင်လာမည့် လမ်းညွှန်ချက်များနှင့် စံချိန်စံညွှန်းများ ထုတ်ပြန်နိုင်ရေး မျှော်လင့်ပါကြောင်းနှင့် အာဆီယံဒေသတွင်း အာဟာရချို့တဲ့မှုများ ပပျောက်ရေး အာဟာရပိုင်းဆိုင်ရာ အခြားသော သက်ဆိုင်သည့်သူများနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဘာသာရပ်ဆိုင်ရာပညာရှင်များက အာဆီယံဒေသတွင်း ကလေးများအား အန္တရာယ်ဖြစ်သော အစားအသောက်နှင့် အဖျော်ယမကာများ ရောင်းချခြင်းများမှ ကာကွယ်ရန် အခြေခံစံနှုန်းများနှင့် လမ်းညွှန်ချက်များ အသုံးပြုနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားကြသည်။
အဆိုပါ အခမ်းအနားသို့ အာဟာရပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊ UNICEF အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
သတင်းစဉ်
