ရန်ကုန်၊ မတ် ၁၈

မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာ အသင်း (Myanmar   Digital  Media Association) ဖြစ်မြောက် ရေးကော်မတီ ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် လူမှုမီဒီယာအပါအဝင် ဒစ်ဂျစ်တယ်မီဒီယာ အသုံးပြုမှုများနှင့် ဖန်တီးထုတ်လွှင့်မှုများသည်  အချိန်နှင့်အမျှ  တိုးတက်မြင့်မားလာနေပြီး  မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း ကျယ်ပြန့်စွာ နေရာယူလျက် ရှိပါကြောင်း၊ အဆိုပါ အခြေအနေအပေါ်တွင်လည်း ထိန်းသိမ်းကြပ်မတ်ရန် လိုအပ်ကြောင်း၊ ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ဒစ်ဂျစ်တယ် မီဒီယာသည် သမားရိုးကျမီဒီယာများအပေါ် လွှမ်းမိုးတည်ရှိလာပြီး အများပြည်သူထံသို့ ပျံ့နှံ့မှုကြီးမားရုံ သာမက စီးပွားရေးအရပါ ကြီးပွားတိုးတက်နေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်မီဒီယာကို မီဒီယာပုံစံသစ် (News Media) များသာမက နည်းပညာအသုံးပြုပြီး လုပ်ဆောင်နေသည့် မီဒီယာလုပ်ငန်း ကဏ္ဍမျိုးစုံ ပါဝင်လျက်ရှိပြီး နိုင်ငံတိုင်းတွင်လည်း လွန်စွာဖြန့်ကြက်ဖွံ့ဖြိုးလျက်ရှိကြောင်း။

အလားတူ မြန်မာနိုင်ငံတွင်လည်း လူမှုမီဒီယာအပါအဝင် ဒစ်ဂျစ်တယ်မီဒီယာ အသုံးပြုမှုသည် နှစ်အနည်းငယ်အတွင်း တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး အထူးသဖြင့် မိုဘိုင်းဖုန်းနှင့် အင်တာနက်သုံးစွဲနိုင်မှု ပမာဏများပြားလာခဲ့ခြင်းကြောင့် လူမှုမီဒီယာအသုံးပြုမှုသည် မြင့်တက်လာခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာ နိုင်ငံ၏ မီဒီယာအခင်းအကျင်းတွင် ဒစ်ဂျစ်တယ် နည်းပညာနှင့် ဒစ်ဂျစ်တယ်မီဒီယာများသည် အရေးပါသည့် နေရာတွင် ပါဝင်လျက်ရှိနေကြောင်း၊ ထို့ကြောင့် ဒစ်ဂျစ်တယ် မီဒီယာလုပ်ငန်းများ လုပ်ကိုင်နေကြသူများအား ကိုယ်စားပြု ဖွဲ့စည်းထားသည့် အသင်းကြီးတစ်ခု ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်လျက်ရှိသည့်အတွက် ပြန်ကြားရေး ဝန်ကြီးဌာနက “မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီ ကို ဖွဲ့စည်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံဒစ်ဂျစ်တယ် မီဒီယာအသင်း ဖြစ်မြောက်ရေး ကော်မတီကို ပြောင်းလဲလာသည့် နည်းပညာနှင့်အညီ ဒစ်ဂျစ်တယ် မီဒီယာ စနစ်တကျ ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် Digital Media အသုံးပြုသူများ၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ဆောင်ရွက် ပေးရန်၊ ဒစ်ဂျစ်တယ်မီဒီယာကို ကျင့်ဝတ်စည်းကမ်း သတ်မှတ် ချက်များနှင့်အညီ စနစ်တကျ အသုံးပြုစေရေးနှင့် လိုအပ်သည့် အသိပညာပေးမှုများ၊ နည်းပညာ မျှဝေမှုများကို စီမံဆောင်ရွက်ပေး ရန်နှင့် ဒစ်ဂျစ်တယ်မီဒီယာ အသုံးပြုသူများ အချင်းချင်း အငြင်းပွားမှု၊ တိုင်ကြားမှုများ ပေါ်ပေါက်လာပါက နှစ်ဖက်ညှိနှိုင်း ဖြေရှင်းသော နည်းလမ်းဖြင့် ကျေအေးပြေငြိမ်းစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။

ထို့ပြင် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် မီဒီယာအသင်းတွင် ပါဝင်သင့် ပါဝင်ထိုက်သည့် ပုဂ္ဂိုလ်များ ထပ်မံပါဝင်ဖွဲ့စည်းနိုင်ရေးအတွက် အဆိုပြုတင်ပြရန်လည်း ပြောကြား လိုပါကြောင်း၊ တက်ရောက်လာသည့် တာဝန်ရှိသူ ပုဂ္ဂိုလ်များအားလုံးက မြန်မာနိုင်ငံဒစ်ဂျစ်တယ် မီဒီယာအသင်းကြီး ခိုင်ခိုင်မာမာဖြင့် ရပ်တည်လာစေပြီးအသင်း၏ ရည်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များကို ကြိုးကြိုးစားစား ဆောင်ရွက်ပေးကြစေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်းဖြစ်မြောက်ရေး ကော်မတီအား ဖွဲ့စည်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီ အစည်းအဝေးသို့ တက်ရောက်လာကြသူများက အသင်းဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်