နေပြည်တော် မတ် ၁၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော မဲခေါင်-လန်ချန်း နိုင်ငံများအကြား ကျေးရွာ အဆင့် ဆင်းရဲမှုလျှော့ချခြင်းဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်းနှင့် ပြည်သူအခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်းများ၏ အတွေ့အကြုံမျှဝေဖလှယ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ MGALLERY Hotel ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပထမအတွင်းဝန် မစ္စတာဝမ်ရှန်ကျုံး၊ ညွှန်ကြားရေးမှူးချုပ်များ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုညှိနှိုင်းရေးအဖွဲ့ မြန်မာမှ ဒုတိယဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံတကာ အဖွဲ့အစည်း များမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ စီမံကိန်းဝန်ထမ်းများနှင့် စီမံကိန်းကျေးရွာမှ ကျေးရွာသူ/ကျေးရွာ သားများ တက်ရောက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုစီးပွား ဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှု ကျဉ်းမြောင်းစေရေး၊ ဟန်ချက်ညီ ဖွံ့ဖြိုး တိုးတက်စေရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချစေရေးတို့အတွက် ရည်မှန်းပြီး ဦးတည်ချက်များ၊ မူဝါဒလုပ်ငန်းစဉ်များ ချမှတ်၍ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (SDGs)၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံချက်(MSDP)ပါ ချိတ်ဆက်ဆောင်ရွက်ရမည့် ရည်မှန်းချက်ပန်းတိုင်များ၊ အမျိုးသား ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ (NCDP)၏ ရည်မှန်းချက်များနှင့်အညီ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တစ်ပြိုင်တည်း ချိတ်ဆက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
ယခုကဲ့သို့ စဉ်ဆက်မပြတ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများကို ဆောင်ရွက် ရာတွင် ပြည်ထောင်စုရန်ပုံငွေ၊ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ရန်ပုံငွေများအပြင် နိုင်ငံတကာအလှူရှင်များ၊ မိတ်ဖက်နိုင်ငံများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီအထောက်အပံ့ များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၂)ဖြင့် စီမံကိန်း(၄)ခု အကောင်အထည် ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး ယင်းစီမံကိန်းများအနက်မှ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာတွင် “မဲခေါင်-လန်ချန်း နိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း”နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ (၃) ရွာတွင်“ပြည်သူ အခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်း”တို့ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပြီးစီးပြီဖြစ်၍ စီမံကိန်းနှစ်ခုမှ စုစုပေါင်း အိမ်ထောင်စု ၉၅၄ စု၊ လူဦးရေ ၄၂၇၀ ခန့်အနေဖြင့် စီမံကိန်း၏ အကျိုးကျေးဇူးများကို ရရှိခံစားနေရပြီဖြစ်ကြောင်း၊ စီမံကိန်းကျေးရွာများမှ ကျေးရွာ သူကျေးရွာသားများအနေဖြင့် စီမံကိန်းမှဆောင်ရွက်ပေးသောလုပ်ငန်းများကို မိမိတို့ပိုင်ပစ္စည်းကဲ့သို့ Ownership Mindset မွေးမြူထိန်းသိမ်းစောင့်ရှောက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Wang Xianzhong (မစ္စတာ ဝမ်ရှန်ကျုံး)နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုညှိနှိုင်းရေးအဖွဲ့မြန်မာမှ ဒုတိယဥက္ကဋ္ဌတို့က အမှာစကား ပြောကြားကြပြီး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေ မှတ်တမ်းဗီဒီယိုကို ပြသသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ဓာတ်ပုံပြခန်းများကို လှည့်လည် ကြည့်ရှုကြသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ စီမံကိန်းများအလိုက် စီမံကိန်းဒါရိုက်တာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာကြသော ဧည့်သည်တော်များက သိရှိလိုသည် များ မေးမြန်းဆွေးနွေးခြင်း၊ စီမံကိန်းများနှင့် နှီးနွယ်ဆက်စပ်သည့် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ၏ Speakers များက သက်ဆိုင်ရာကဏ္ဍများအလိုက် အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။
မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ စီမံကိန်းများ၏ လုပ်ငန်းကဏ္ဍအလိုက်ဆောင်ရွက်ချက်များကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး၊ ဆောင်ရွက်ပြီးလုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များအပေါ် အခြေခံပြီး ပိုမိုကောင်းမွန်သော အနာဂတ်စီမံကိန်းများကို ဖော်ဆောင် နိုင်ရေးနှင့် စီမံကိန်းများအလိုက် ရည်ရွယ်ချက်များအတိုင်း စနစ်တကျ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ရည်ရွယ်ပြီး အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)