နေပြည်တော် မတ် ၁၉
ဟိုတယ်နှင့် ခရီသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ဘိုကုန်းရပ်ရှိ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန မော်လမြိုင်ရုံးသို့ သွားရောက်ကာ ရုံးအဆောက်အဦအသစ် တည်ဆောက်မည့်မြေနေရာကို လှည့်လည်ကြည့်ရှုပြီး မော်လမြိုင်ရုံးတွင် တာဝန်ထမ်းဆောင်နေကြသော အရာထမ်းအမှုထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ရည်ရွယ်ချက်များ၊ မူဝါဒများ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မွန်ပြည်နယ် အတွင်းရှိ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာတွင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော လုပ်ငန်းများအားလုံး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရည်မှန်းချက်ထား ကြိုးစားဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း။
မွန်ပြည်နယ်အတွင်းရှိ ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပရေးနှင့် ယင်းဒေသများသို့ ခရီးသွား ဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတွင် ဝန်ထမ်းများ၏ အခန်းကဏ္ဍမှာ အရေးကြီးသဖြင့် လုပ်ငန်းနှင့်ဆက်စပ်သော ဗဟုသုတများကြွယ်ဝ နေစေရေးအတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူနေကြရန် လိုအပ်ပါကြောင်း မှာကြားပြီး ဝန်ထမ်း များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)