နေပြည်တော် မတ် ၁၉
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် တို့သည် ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ လူမှုဖူလုံရေး-ခိုင်မေတ္တာဆေးရုံ၊ လူမှုဖူလုံရေးရုံးနှင့် လူမှုဖူလုံရေးဆေးခန်းများတွင် အာမခံအလုပ်သမားများကို ကျန်းမာရေး စောင့်ရှောက်ပေးနေမှု လုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးပြီးဆေးရုံတာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ တောင်ကြီးမြို့ရှိ လူမှုဖူလုံရေးရုံနှင့် လူမှုဖူလုံရေးဆေးခန်းသို့ သွားရောက်၍ အာမခံ အလုပ်သမားများ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေး ပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်း အင်အားပြည့် လည်ပတ်ရန်လိုအပ်ချက်ကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ရုံးနှင့် ဆေးခန်းရှိ တာဝန်ရှိသူများအနေဖြင့် စေတနာထား၍ အားထည့်ဆောင်ရွက်ပေးစေလိုကြောင်း၊ လူနာ ကုသရေးလုပ်ငန်း၊ ဆေးရုံသုံးပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ သက်တမ်းလွန်/လေလွင့်ဆေးများ မဖြစ်စေရန် စီမံခြင်း၊ ရုံးနှင့် ဆေးခန်းလုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန်၊ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ပညာရှင်များဖြစ်သည့်အတွက် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန်နှင့် မိမိလုပ်ငန်းများ အောင်မြင်စေရန်အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တောင်ကြီးမြို့ရှိ လူမှုဖူလုံရေး-ခိုင်မေတ္တာဆေးရုံအား လူမှုဖူလုံရေးအဖွဲ့နှင့် ပူးပေါင်း၍ အာမခံအလုပ်သမားများအား ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ရှိ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အလုပ်ဌာန (၇၉၁)ဌာန၊ အကျုံးဝင် အာမခံအလုပ်သမားဦးရေ (၁၀,၉၇၃) ဦးရှိပြီး မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၂)ခန်း၊ ဌာနကြီးဆေးခန်း (၁)ခန်းနှင့် စာချုပ်ဆေးခန်း (၁)ခန်းတို့ဖွင့်လှစ်ကာ ဝန်ဆောင်မှုဆောင်ရွက်ပေးလျက်ရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Community Center(ပြန်ကြားရေးခန်းမ)၌ ပြည်နယ်ရှိ အရာထမ်း၊ အမှုထမ်းများ၌ တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာနေထိုင်ရေး၊ တည်ဆဲဥပဒေများကို လေးစားလိုက်နာနိုင်ရေး၊ ဝန်ထမ်း အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် မိမိတို့ဌာနများအလိုက် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် ဝန်ကြီးဌာနနှင့် နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်၊ ဦးတည်ချက်များ အောင်မြင် မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုပ်ငန်းလိုအပ်ချက်အရ တာဝန်ပေးအပ်မှုကို ကျေပွန်စွာထမ်းဆောင်ရန်နှင့် ဝန်ထမ်းများအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံအောင် ဖန်တီးကြရန်မှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်