နေပြည်တော် မတ် ၁၉

 

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့  ဦးဆောင်သောအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ယနေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့ရှိ ပဲခူးအချုပ်ထောင်ကို သွားရောက် ကြည့်ရှုစစ်ဆေး သည်။

 

ဦးစွာကော်မရှင်အဖွဲ့ဝင်များသည် ပဲခူးအချုပ်ထောင်၌ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူ များကို အိပ်ဆောင်များတွင်တွေ့ဆုံ၍ အကျဉ်းသား၊ အချုပ်သားများ၏ နေထိုင်စားသောက်မှု၊ ကျန်းမာ‌‌ရေး စောင့်ရှောက်မှု၊ သန့်ရှင်းသောသောက်ရေနှင့် သုံးရေသုံးစွဲမှုအခြေအနေများ၊ မိသားစုနှင့်တွေ့ဆုံမှု၊ လွတ်လပ်စွာ ဘာသာတရားကိုးကွယ်နိုင်မှု ရှိ မရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ ရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ မရှိ၊ ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိနှင့် အိပ်ဆောင်များ အတွင်း သန့်ရှင်းမှု ရှိ မရှိ၊ အစ္စလာမ် ဘာသာဝင်တို့၏ ဥပုသ်ကာလ ဥပုသ်စောင့်တည်နေမှု အခြေအနေ စသည့် အကျဉ်းသား၊ အချုပ် သားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးများ ရရှိခြင်း ရှိ မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး သီးခြား လွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်း သား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကိုလည်း သီးခြားတွေ့ဆုံ မေးမြန်းမှတ်တမ်းတင်သည်။

 

ယင်းနောက် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးပေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့် စက်၊ သုံးရေကန်များ၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက် ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)