နေပြည်တော် မတ် ၂၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ယမန်နေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်း အဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍  မွန်ပြည်နယ်၏ လယ်ယာသားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးမှာကြားသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက မွန်ပြည်နယ်တွင် ဆန်ဖူလုံမှုရှိကြောင်း စာရင်း ဇယားများအရတွေ့ရသော်လည်း စပါးတစ်ဧကချင်း၏ ပန်းတိုင်အထွက်ရရှိရေးကြိုးပမ်းကြ ရန်လိုအပ်လျက်ရှိကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်းပညာများ ကူညီဖြည့်ဆည်းပေးခြင်းကို ဝန်ထမ်းများကိုယ်တိုင် ကွင်းဆင်းဆောင်ရွက်သကဲ့သို့ တောင်သူအချင်းချင်း နည်းစနစ်များ ဖြန့် ဝေခြင်း၊ အသိပညာဖလှယ်ခြင်းများ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အလားတူ ရေမြေ ရာသီဥတုနှင့် ကိုက်ညီသည့် ဆီထွက်သီးနှံများကို သီးထပ်သီးညှပ် တိုးချဲ့စိုက်ပျိုးရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ပြည်နယ်အစိုးရ၏ကြီးကြပ်မှု၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် စနစ်တကျ ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း။

ဒေသအလိုက် စားရေရိက္ခာဖူလုံ ပိုလျှံရေးဆောင်ရွက်ရာတွင် စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်ထုတ်လုပ်ရေးနှင့် အသားငါးကဏ္ဍဖွံ့ဖြိုးရေးကို တစ်ပြိုင်တည်း ဆောင်ရွက်ရန်၊ ဒေသနေပြည်သူများ၏ စားသုံးမှုကို ဖူလုံပိုလျှံသော ထုတ်လုပ်မှုဖြစ်စေရေး ဘဏ္ဍာနှစ်အလိုက် တိုးမြှင့်ဆောင်ရွက်ပြီး လယ်ယာသားငါးကုန်ထုတ်လုပ်မှုကို အခြေခံသည့် အသေးစား၊ အငယ် စားနှင့် အလတ်စား(MSMEs)လုပ်ငန်းများ ဖွံ့ဖြိုးရေးကို ဝိုင်းဝန်းပံ့ပိုးကြိုးပမ်းကြရန်၊ ဒေသ  တစ်ခုချင်းစီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်က စီမံဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ လုပ်ငန်းများအတွက် အရေးပါသည့် စာရင်းဇယားများ မှန်ကန်စွာ ကောက်ခံတင်ပြနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် တည်ဆဲဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ စည်းမျဉ်းစည်းကမ်းအမိန့်နှင့် ညွှန်ကြားချက်များကို လေးစားလိုက်နာပြီး ကျင့်ဝတ်သိက္ခာနှင့် လျော်ညီစွာ ကျင့်ကြံနေထိုင်ကြရန် ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

သတင်းစဉ်