နေပြည်တော် မတ် ၂၀
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ၁၆ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အကြို ၁၅၅ - ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်ဓမ္မာရုံ၌ ကျင်းပရာ နေပြည်တော် ပျဉ်းမနားမြို့ သုခဝိဟာရသရက်ကုန်း ပရိယတ္တိစာသင်တိုက်မှ ဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကလင်္ကာရ နှင့် သံဃာတော်များ၊ ဓမ္မာစရိယကျောင်းတိုက်မှ သံဃာတော်များ ကြွရောက်တော်မူကြသည်။
အခမ်းအနားသို့ နေပြည်တော်သာသနာရေးမှူး၊ ဂေါပကအဖွဲ့ဝင်များနှင့် ဂေါပကရုံး ဝန်ထမ်းများတက်ရောက်ကြည်ညိုကြပြီး သုခဝိဟာရသရက်ကုန်း ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော် သံဃာတော်များ ရွတ်ဖတ်ပူ ဇော်သည့် ရတနသုတ်၊ မေတ္တသုတ်ပရိတ်တရားတော်နှင့် ဘုရားဂုဏ်တော်များကို နာယူ၍ ဆရာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နေပြည်တော် ပျဉ်းမနားမြို့ သုခဝိဟာရသရက်ကုန်း ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ယင်းနောက် အခမ်းအနားမှူးက နတ်ဗြဟ္မာများကို ပြန်လည်ပို့ဆောင်ပြီး "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းကာ ဆရာတော် သံဃာတော်များကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်