မော်လမြိုင် မတ် ၂၀
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ရှိ တိုင်းရင်း သား လူမျိုးများရေးရာဝန်ကြီးဌာန မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး ၌မွန်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားဘာသာစာပေ သင်ကြားမှုကို ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်နိုင်ရေးနှင့် တိုင်းရင်းသားများအတွက် တိုက်ရိုက် အကျိုးခံစားစေမည့် လုပ်ငန်းများကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက် ပေးလျက်ရှိ ကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မြေလွတ်၊ မြေလတ်၊ မြေရိုင်းများတွင် ဆောင်ရွက်မည့်လုပ်ငန်းများတွင်လည်း တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာအရ သက်ဆိုင်သည့်မြေများ ပါဝင်မှုရှိ/မရှိ အချိန်နှင့်တစ်ပြေးညီ ကွင်းဆင်းစိစစ်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ မြေလွတ်၊ မြေလတ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီသို့ သဘောထားမှတ်ချက်များ ပြန်ကြားဆောင်ရွက် ပေးလျက်ရှိကြောင်း၊
ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းဖြစ်သည့် တိုင်းရင်းသားရေးရာနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် တိုင်းရင်းသားအချင်းချင်း (သို့မဟုတ်) တိုင်းရင်းသားလူမျိုးများအကြားဖြစ်ပွားသည့် အငြင်းပွားမှုများကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသား ရေးရာဝန်ကြီးများထံ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တာဝန်ခွဲဝေအပ်နှင်းထားပြီး ဖြစ်ကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့ များအနေဖြင့် မိမိတို့၏ တိုင်းရင်းသား ရေးရာကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်စွာ တင်ပြဆောင်ရွက်နိုင်ပါကြောင်း ပြောကြားပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ကတိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အလွန် အရေးကြီးကြောင်း၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှ တိုင်းပြည်ငြိမ်းချမ်း သာယာ မည်ဖြစ်ပြီး တိုင်းပြည်ငြိမ်းချမ်းသာယာမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါ ကြောင်း၊ မွန်ပြည်နယ်သည် ရေခံ၊ မြေခံ ကောင်းမွန်သည့် အတွက် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် နိုင်ငံတော်နှင့် မိမိတို့ ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး က မွန်ပြည်နယ်အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် တိုင်းဒေသအတွင်း ဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသ ဖွံ့ဖြိုးရေးကိစ္စရပ်များနှင့်ပတ်သက်၍ အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ဖြည့်စွက်ရှင်းလင်းဆွေးနွေးပါသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးနှင့်တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကြသည်။
ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်း မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့က မွန်၊ ကရင်၊ ဗမာ၊နှင့် ပအိုဝ်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအား တစ်ဖွဲ့လျှင် ထောက်ပံ့ငွေ ကျပ် (၅) သိန်းစီ ပေးအပ်ထောက်ပံ့သည်။
ထို့နောက် ခေတ်အဆက်ဆက် မွန်တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်မှုဝတ်စုံများ ဝယ်ယူထိန်းသိမ်းရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည့် ကုမ္ပဏီများကို ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်