ရန်ကုန်၊ မတ် ၂၁

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ ကျောင်းအုပ်ကြီးများ၊ အရာထမ်း ၊အမှုထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စွမ်းအားနှင့် ကာကွယ်ရေးစွမ်းအားများ ဟန်ချက်ညီညီ ဖြစ်ထွန်းစေရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူတရပ်လုံး ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းလိုက်နာဆောင်ရွက်ရန် တာဝန်ရှိကြောင်း၊ နိုင်ငံ့စွမ်းအားစုအားလုံး တစ်စိတ်တစ်ဝမ်းတည်း အားလုံးပါဝင် ဆောင်ရွက်နိုင်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းသည် အမျိုးသား စစ်မှုထမ်းစနစ်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဥ်း၍ သတင်းမီဒီယာအချို့က ထုတ်လွှင့်နေသည့် သတင်းမှားများကို နားယောင်မိသောကြောင့် အချို့ပြည်သူများ စိုးရိမ်ပူပန်စိတ်များ ဖြစ်ပေါ်နေကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို လေ့လာပြီး နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေလျက် နိုင်ငံတော်ကာကွယ်ရေးအတွက် တာဝန်ကျေပွန်စွာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်မိုးအောင်က စစ်မှုထမ်းဥပဒေပါ အခန်းများ၊ ပုဒ်မများကို ရှင်းလင်းဆွေးနွေးကာ တက်ရောက်သူများက သိရှိလိုသည်များကို မေးမြန်းရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

သတင်းစဉ်