နေပြည်တော် မတ် ၂၃ 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ၂၀၂၂ ခုနှစ်ဇူလိုင် ၂၃ရက်နံနက် မင်္ဂလာ အချိန်နံနက်၆နာရီခွဲ တွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိသည်။

ဆင်ဖြူတော်ကလေး၏ ဘွဲ့နာမံတော်မှာ “ရနန္ဒက” ဖြစ်ပြီး အဆိုပါ ဆင်ဖြူတော်လေး သည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက် အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ် ခြင်း၊ အရေပြားမှာသြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင်ရှေ့ခြေသည်း ၅ခုစီနှင့် နောက်ခြေသည်း၄ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင် လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူတော်လေး ဖြစ်သည်။

အထက်ပါ ဆင်ဖြူတော်လေး “ရနန္ဒက” မှာ ယခုအသက် ၁ နှစ်၊ ၈ လသားအရွယ်တွင် အရပ်အမြင့် ၄ ပေ ၁ လက်မကိုယ်လုံး လုံးပတ် ၆ ပေ ၇ လက်မ၊ ကိုယ်အလေးချိန် ၁၂၄၃ ပေါင် ရှိလာပြီး ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၊ နေပြည်တော်ရှိ ရတနာ ဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူ တော်လေး “ရနန္ဒက” မှာငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမို ယဉ်ပါးလာစေရန် ဆင်နှင့်လူသားတို့အကြား ကောင်းမွန်စွာဆက်ဆံတတ်စေရန် လေ့ကျင့် သင်ကြား ခြင်းစနစ် “Peace Human and Elephant Interaction Training” ဖြင့်လေ့ကျင့်် သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်