နေပြည်တော် မတ် ၂၃
၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ရေနေ့ ၂၀၂၄ အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားနှင့်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)၊ နေပြည်တော်၌ ကျင်းပခဲ့ပြီး မွန်းလွဲပိုင်းတွင် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသည်။
ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားသို့ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ အတွင်းရေးမှူး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ရေနှင့်ဆက်နွယ်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများ၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရေကဏ္ဍတွင် ဆောင်ရွက်လျှက် ရှိသော ဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲတွင် Chairperson အဖြစ် ကြီးကြပ်ဆွေးနွေးမည့်သူများ၊ စာတမ်းဖတ်ကြားဆွေးနွေးတင်ပြမည့်သူများ၊ ရေနှင့်ဆက်နွယ်သည့် ဌာနအဖွဲ့အစည်းများမှ စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ရေသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ရေကြောင်းပို့ဆောင်ရေး၊ စက်မှုလုပ်ငန်းများနှင့် မြို့ပြနှင့် ကျေးလက်ဒေသ သောက်သုံးရေ ပေးဝေရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးစသည့်ကဏ္ဍများနှင့် ဆက်နွယ်နေသဖြင့် ရေကိုစနစ်တကျ အသုံးပြုစီမံဆောင်ရွက်ကာ ရေကဏ္ဍဖွံ့ဖြိုး တိုးတက်စေခြင်းဖြင့် အခြားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ရေကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိရာ ရေနှင့်ဆက်နွယ်သည့် ပညာရှင်များနှင့် ဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများအနေဖြင့်လည်း မိမိတို့တတ်စွမ်းသမျှ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ယနေ့ကျင်းပသည့် ကမ္ဘာ့ရေနေ့ ၂၀၂၄ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပါဝင် ဆောင်ရွက်ကြသူများ အားလုံးကို အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရေအရင်းအမြစ်ထိန်းသိမ်းရေးစာတမ်းများ၊ ရေအရင်းအမြစ် သန့်စင်ဖြန့်ဝေ ရေး စာတမ်းများ၊ ရေအရင်းအမြစ် အသုံးချသည့်စာတမ်းဖတ်ပွဲများကို နေရာ ၃ နေရာ ခွဲ၍ ကျင်းပရာ ရေနှင့်သက်ဆိုင်သော ဝန်ကြီးဌာန အဖွဲ့အစည်းများက ဘာသာရပ်ဆိုင်ရာ စာတမ်း (၂၃) စောင် ဖတ်ကြားခဲ့သည်။
စာတမ်းများနှင့်ပတ်သက်သည့် တင်ပြချက်များ အပေါ် Chairperson များက ကောက်နှုတ် ဆွေးနွေးခဲ့ကြပြီး စာတမ်းဖတ်ကြား ဆွေးနွေးခဲ့သည့် ပညာရှင်များကို ဒုတိယဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်သည်။
ထို့နောက် ရေဆိုင်ရာ ပညာရှင်များက မြန်မာနိုင်ငံတွင် ရေဆိုင်ရာ တွေ့ကြုံရသည့် အခက်အခဲပြဿနာများ၊ ဖြေရှင်းရန်နည်းလမ်းများနှင့် ရေမှတစ်ဆင့် ငြိမ်းချမ်းသာယာ ဝပြောရေး ဆောင်ရွက်မှုများနှင့်ပတ်သက်သည့် စကားဝိုင်းဆွေးနွေးပွဲကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက ကျေးဇူးတင်စကား ပြောကြား၍ ကမ္ဘာ့ရေနေ့ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကို ရေနှင့်ဆက်နွယ်သည့်လုပ်ငန်း ဆောင်ရွက်မှုများ၊ လက်ရှိတွေ့ကြုံရသည့် အခက်အခဲပြဿနာများ၊ နည်းပညာတွေ့ရှိမှုများနှင့် ရေရှည်တွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရေနှင့်ဆက်နွယ် သက်ဆိုင်သူများအကြား အသိပညာများဖလှယ်ရန်နှင့် ရေကိုတန်ဖိုးထားချွေတာသုံးစွဲရန် လိုအပ်မှုကို အများပြည်သူ သိရှိပြီး လိုက်နာဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်