နေပြည်တော် မတ် ၂၃
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် လူငယ်များကို တိုင်းပြည်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် အမှန်တကယ် အထောက်အကူပြုနိုင်မည့် နိုင်ငံ့အင်ဂျင်နီယာကောင်းများအဖြစ် ပျိုးထောင်ပေးလျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် မတ် ၂၁ ရက်က ရန်ကုန်မြို့ရှိ နည်းပညာတက္ကသိုလ်တို့ကို ကြည့်ရှု စစ်ဆေးသည်။
ဉီးစွာ ဒုတိယဝန်ကြီးသည် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အင်ဂျင်နီယာဘာသာရပ်နှင့် သင်တန်းနှစ်များအလိုက် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး ကျောင်းသား၊ကျောင်းသူများ အဆင်ပြေချေမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေး လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက် ပေးရန်၊စာမေးပွဲစည်းကမ်းများနှင့်အညီ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူအားလုံး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပင်မဆောင်၊ လက်တွေ့ခန်းများ၊ အဆောင်များ၊ တက္ကသိုလ် ဥပဓိရုပ်တင့်တယ်စေရေး ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို အမျိုးသား ရေးရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် အဓိက စွမ်းအားစုများအဖြစ် အထောက်အပံ့ပြုနိုင်မည့် အရည်အသွေး ပြည့်မီသော မျိုးဆက်သစ် အင်ဂျင်နီယာကောင်းများ စဥ်ဆက်မပြတ် မွေးထုတ်နိုင်ရေး၊ နောက်ဆုံးပေါ် နည်းပညာအရွေ့တို့နှင့်အတူ လိုက်ပါနိုင်ပြီး ပြည်သူ့အကျိုး ပြုသုတေသနများဖြင့် ရှင်သန်သက်ဝင်နေသော တက္ကသိုလ်ရပ်ဝန်းဖြစ်လာစေရေး အလေးထားဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်ကို ရောက်ရှိကာ စာမေးပွဲခန်းအသီးသီးတွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်များကို မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး တိုင်းကျိုး ပြည်ပြု IT သုတေသနစီမံကိန်းများကို ထိရောက်အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတော်က အားထားရသော ထူးချွန်သည့် IT ပညာရှင်များ မွေးထုတ်ပေးနိုင်ရေး၊ ပြည်သူ့ရေရှည်အကျိုးစီးပွားအတွက် IT ဆန်းသစ် တီထွင်မှုများ ဖွံ့ဖြိုးတိုးတက်လာရေးနှင့် သုတေသနရလဒ်များကို လက်တွေ့ကျကျ အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားပြီး ပင်မဆောင်တည်ဆောက်ရေး လုပ်ငန်းခွင်ကို ကြည့်ရှု စစ်ဆေးကာ နိုင်ငံတကာအဆင့်မီစေရေး၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးအောင် တည်ဆောက်ရေးနှင့် လိုအပ်သည်များကို မှာကြားကြောင်း သိရသည်။
သတင်းစဉ်