နေပြည်တော် မတ် ၂၃
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီး များထံမှ ၁၉-ကြိမ်မြောက် သြဝါဒခံယူပွဲအခမ်းအနားကို ယနေ့ ညနေ၄နာရီတွင် စေတီတော် ရင်ပြင်ဓမ္မာရုံအတွင်း၌ ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့၊ မင်းကျောင်းပထမ ပြန်စာသင်တိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက် သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ နှင့် ဒေသခံသြဝါဒါ စရိယဆရာတော်ကြီးများ ကြွရောက်ချီးမြှောက်တော်မူခဲ့ကြသည်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ တို့မှ သာသနာရေးဆိုင်ရာများလျှောက်ထားပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ ထံမှ (၅)ပါးသီလခံယူဆောက်တည်ပြီးနောက် ဆရာတော်ကြီးမှ ဂေါပကအဖွဲ့ဝင်များ အမြဲမပြတ် နှလုံးသွင်း လိုက်နာဖွယ်ဖြစ်သော သာရဏီယဩဝါဒကထာများကို ချီးမြှင့်တော်မူသည်။
ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ ထံမှ ရေစက်ချအနုမောဒနာတရားနာယူကာ "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်