မော်လမြိုင် မတ် ၂၄
၂၀၂၄ ခုနှစ်၊ သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်း လောင်လှူပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပရိယတ္တိ ဓမ္မဗိမာန်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင် ဆရာကြီးများ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်ပရိတ်သတ်များက တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး မော်လမြိုင်မြို့၊ ရွှေမြိုင် သီရိရပ်ကွက်၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒောဘာသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့၀င်ဝန်ကြီးများက မဟာဂန္ထဝါစက ပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာကမ္မဌာနာ စရိယ၊ ဂန္ထဝါစကပဏ္ဍိတ၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၁၁) ပါးနှင့် ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး (၁) ပါးတို့အား သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက်မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ သီရိမင်္ဂလာဒေါ်လန်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏုတ္တရ အရှင်သူမြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ အလှူရှင်များက သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများကို ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြသည်။
သတင်းစဉ်