ထားဝယ်၊ မတ် ၂၄

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုl တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးတိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးအောင်မျိုးထွန်းနှင့် တက်ရောက်လာသော  ဧည့်သည်တော်များက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါ စရိယ၊ ထားဝယ်မြို့၊ ဃောသိတာရာမပါဠိ တက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော အန္တရာယ်ကင်း ပရိတ်တရားတော်များနာယူ ကြည်ညိုကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ အဘိဓဇမဟာရဋ္ဌဂုရု တစ်ပါး၊ မဟာဂန္ထဝါစကပဏ္ဍိတ တစ်ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ တစ်ပါး၊ ဂန္ထဝါစကပဏ္ဍိတနှစ်ပါး၊ သဒ္ဓမ္မ ဇောတိကဓဇသုံးပါး၊စုစုပေါင်းဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးခုနစ်ပါးနှင့် သီလရှင်ဆရာကြီး တစ်ပါးတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့် အဆောင် အယောင်များ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ထားဝယ်မြို့၊ ဇေယျဝတီစာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒဝံသထံမှ အနုမောဒနာတရား နာယူကြည်ညို ၍ ရေစက်သွန်းချအမျှပေးဝေကြသည်။

ထို့နောက် တက်ရောက်လာကြသော ဧည့်သည်တော်များက ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီး သံဃာတော် အရှင်သူမြတ်များအား ဆွမ်းဆန်တော်လောင်းလှူခဲ့ကြကြောင်းသတင်းရရှိသည်။

သတင်းစဉ်