တောင်ကြီး၊ မတ် ၂၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့ကို ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ (၁) နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တောင်ကြီးမြို့  ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သိမ်တောင် ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ တေဇဝန္တ ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆက်လက်၍ ဆရာတော်က သမ္မောဒနီယ သြဝါဒကထာ မြွက်ကြားချီးမြှင့်တော်မူသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ရှမ်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လည်းကောင်း၊ သီလရှင်ဆရာကြီးများအား ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးကလည်းကောင်း၊ လူပုဂ္ဂိုလ်များကို ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် အဆောင် အယောင်များ ချီးမြှင့်အပ်နှင်းကြသည်။ 
ယင်းနောက် တောင်ကြီးမြို့ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ရှမ်းပိဋကတ်ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါယာမ ထံမှ အနုမောဒနာတရားနာကြ၍ ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်းသိရသည်။
ထို့နောက် ဆရာတော် သံဃာတော်များ၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများတို့က ဆွမ်းဆန်စိမ်း လောင်းလှူ ပေးခဲ့ကြသည်။
သတင်းစဉ်